What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရက်ကန်းဈေးကွက် အေးသော်လည်း ချည်ဆေးဆိုး လုပ်ငန်း ပုံမှန်လုပ်ဆောင်နေရ

ကိုဗစ်-၁၉ ကာလ မန္တလေးမြို့ အမရပူရမြို့နယ်တွင် စက်ရက်ကန်းလုပ်ငန်းများ အလုပ်ဖြစ်မှုနည်းပါးသော်လည်း အထည်လှောင်ကုန်အဖြစ် လုပ်ကိုင်နေသော ရက်ကန်းလုပ်ငန်းများအတွက် ချည်ဆေးဆိုးခြင်းလုပ်ငန်းကို ပုံမှန်လုပ်ကိုင်ပေးနေရကြောင်း သိရသည်။

 

ချည်ဆေးဆိုးခြင်းလုပ်ငန်းမှာ ရက်ကန်းလုပ်ငန်းအတွက် အဓိကအလုပ်ဖြစ်နေသည့်အတွက် ရက်ကန်းဈေးကွက် အေးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ပုံမှန်လုပ်ကိုင်နေရသည်။

 

ချည်ဆေးဆိုးလုပ်ငန်းတွင် စက်ရက်ကန်းလုပ်ငန်းပိုင်ရှင်မှ ချည်နှင့်ဆေးကိုပေးကာ ဆေးဆိုးသူမှာ လုပ်အားခရယူကြသည်။ လက်ရှိကာလ ချည်(၁၀)ပေါင်ထုတ် (၁)ထုပ်လျှင် ဆေးဆိုးခ ငွေကျပ် ၂၀၀၀ ရရှိသည်။ ချည်ဆေးဆိုးသူများသည် အနည်းဆုံး (၅)ယောက်မှ (၁၁)ယောက်အထိ စုပေါင်းလုပ်ဆောင်ကြပြီး တစ်ဦးလျှင် အနည်းဆုံး ငွေကျပ်တစ်သောင်းကျော် ရရှိသည်။

 

ဆေးဆိုးရာတွင် မဲဆိုးခြင်း(အမဲရောင်ဆိုးခြင်း)၊ အသွေးဆိုးခြင်း(အရောင်စုံဆိုးခြင်း) ဟူ၍ နှစ်မျိုးဆိုးကြပြီး ချည်ထုပ်ကို ဆပ်ပြာနှင့် ရေလျှော်ခြင်းမှအစ ဆေးဆိုး၊ ကော်စာယူညှစ်သည်အထိ ဂရုစိုက်ပြုလုပ်ပေးကြရသည်။ မကျွမ်းကျင်ပါက ဆေးကွက်ခြင်း၊ ချည်ကွက်ခြင်းများ ဖြစ်တတ်သည်။ အသွေးအရောင်ဆိုးရာတွင် အပြာ၊ အစိမ်း၊ ခရမ်းရောင်များ ဆိုးကြ သည်။

 

အခြားအရောင်များကို ဆေးဆိုးရာတွင် ခံဆေး၊ ဖွင့်ဆေးများဖြင့် အရောင်ပြောင်းအောင် ပြုလုပ်ကြသည်။ ဒေသအခေါ်အားဖြင့် ဝမ်းတူးဆိုးသည်ဟုခေါ်ပြီး ခံဆေးအဝါရောင်ဆိုးကာ ဖွင့်ဆေးအတွင်း ထည့်လိုက်သည်နှင့် အနီရောင်ပြောင်းလဲသွားတတ်သည်။ ချည်ဆေးဆိုးသူများမှာ ချည်ပေးသည်မှ ချည်ဆေးရောင်ခြောက်သည်အထိ တာဝန်ယူပေးကြရသည်။ ချည်များကို နေလှန်းရာတွင် တစ်နေကုန်လှန်းကြရပြီး လှမ်းဝါးတစ်ဝါးလျှင် ချည်ငါးပေါင်တစ်ထုပ် လှမ်းနိုင်ကြောင်း သိရသည်။

 

အမရပူရမြို့နယ်တွင် လက်မှုလုပ်ငန်း လက်ရက်ကန်းများမှ စက်ရက်ကန်းများ တည်ထောင်လုပ်ကိုင်မှု များပြားလာခဲ့သည်။ စက်ရက်ကန်းလုပ်ငန်းရှင်းများမှာ သဲတောဝမ်းတွင်းထွက် ပြည်တွင်းဖြစ် စက်ရက်ကန်းစင်များကို အသုံးပြုကြသည်။ အိမ်တစ်အိမ်လျှင် စက်ရက်ကန်း (၅)စင်မှ (၁၀)စင်အထိ တည်ထောင်လုပ်ကိုင်ကြသည်။

 

ရက်ကန်းလုပ်ငန်းရှင်ကြီးများမှာ ရက်ကန်းစင် ၅၀ အထိ တည်ထောင်လုပ်ကိုင်ကြသည်။ လက်ရှိကာလ အထည်ဈေးကွက်အေးသော်လည်း လှောင်ကုန်အဖြစ် ရက်ကန်းလုပ်ငန်းလုပ်ကိုင်နေသော ရက်ကန်းစင်များအတွက် ချည်ဆေးဆိုးခြင်းလုပ်ငန်းကို ပုံမှန်လုပ်ကိုင်နေရကြောင်း သိရသည်။

 

#Myanmar Digital News

Read 832 times
Rate this item
(0 votes)