What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်လုပ်သားဘဝကနေ အထည်ချုပ်လုပ်ငန်းရှင် ဖြစ်လာခဲ့သူ

အထည်ချုပ်လုပ်သားဘဝကနေ အထည်ချုပ်လုပ်ငန်းရှင် ဖြစ်လာခဲ့သူ google

         အထည်ချုပ်လောကထဲကို အလုပ်သမအဖြစ် အမျိုးသမီးအများစု ၀င်ရောက်လုပ်ကိုင်နေကြပေမယ့်၊

  အောင်မြင်တဲ့အထည်ချုပ်လုပ်ငန်းရှင်တွေအဖြစ်ကို ပြောင်းလဲသွားနိုင်သူကတော့ လက်ချိုးရေလို့ရတဲ့ ပမာဏလောက်ပဲရှိတာပါ။ ဒီလူအနည်းငယ်ထဲမှာ ဒေါ်ယဉ်ယဉ်မိုးလည်း တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။

        သူမဟာ ၁၉၉၀ မှာ အထည်ချုပ်လောကကို အလုပ်သမအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး အခုအချိန်မှာတော့ အလုပ်သမား (၄၀၀) ၀န်းကျင်နီးပါးရှိတဲ့ KA1 အထည်ချုပ်စက်ရုံရဲ့ ဦးဆောင်သူလည်း ဖြစ်နေပါပြီ။ ဒါပေမယ့် စက်ရုံကို ငှားရမ်းလုပ်ကိုင်နေရတာဖြစ်တာဖြစ်လို့  “ ကိုယ်က ငှားလုပ်ရတဲ့ အခါကြတော့ တစ်ချိန်မှာ ငှားလုပ်ရတဲ့ဟာကနေ အပိုင်ဖြစ်အောင်ကြိုးစားရမယ် ဆိုတာ အထည်ချုပ်ရုံတိုင်းကတော့ အိမ်မက်ဘဲ။  အထည်ချုပ်လုပ်တဲ့သူတိုင်းက တစ်ချိန်ချိန်မှာ ရုံပိုင်ဖြစ်ချင်တဲ့ အိမ်မက်ရှိတယ်” လို့ ဆိုပါတယ်။

        သူမရဲ့ ငယ်စဉ်အချိန် အိမ်မက်မှာ နိုင်ငံခြားဘာသာစကားတွေကို လေ့လာပြီး သံအမတ်တစ်ဦးဖြစ်လာဖို့ အိမ်မက်ရှိခဲ့ဖူးပေမယ့်  အထည်ချုပ် လောကကို ၀င်ရောက်ချိန်ကစပြီး ၀ါသနာနဲ့ အိမ်မက်ကို ပြောင်းလဲ အကောင်အထည်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။

        တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၉၀ ခုနှစ်မှာ အောင်မြင်ခဲ့တဲ့ သူမဟာ ကျောင်းတက်ဖို့ စောင့်ဆိုင်းနေစဉ်  အထည်ချုပ်လောကကို အလုပ်သမတစ်ဦးအဖြစ် ၀င်ရောက်ပြီး အတွေ့အကြုံရှာဖွေခဲ့တာဖြစ်ပါတယ်။ နှစ်နှစ်အကြာ အထည်ချုပ်လုပ်ကိုင်ပြီး ကျောင်းပြန်ဖွင့်ချိန်မှာ တက္ကသိုလ်တက်ဖို့ အထည်ချုပ်လုပ်ငန်းခွင်ကနေ ထွက်ခွာခဲ့ပါတယ်။

        လုပ်ငန်းခွင်မှာပျော်နေပြီဖြစ်တဲ့ သူ့အတွက် စာသင်ကျောင်းက ပျော်ရွင်မှုတွေ မပေးတော့တာကြောင့် ဒုတိယနှစ်ပြီးချိန်မှာတော့ အဝေးသင်ပညာရေးကိုပြောင်းလဲခဲ့ပါပြီး အထည်ချုပ်လောကထဲကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

        ဒုတိယအကြိမ်လုပ်ငန်းခွင်ကို ၀င်ရောက်ချိန်မှာတော့ လုပ်ငန်းခွင်ကြီးကြပ်သူ Supervisor အဖြစ်အထိ လုပ်ကိုင်ခဲ့ပြီး နောက်ထပ်အလုပ်ပြောင်းရွှေ့ချိန်မှာတော့ လုပ်ငန်းရှင်တစ်ဦးဖြစ်စေမယ့် လမ်းကြောင်း ပေါ်ကို ရောက်ရှိတာလည်းဖြစ်ပါသည်။

        ဒါကြောင့်လည်း သူမဟာ ကိုယ်ပိုင်လုပ်ငန်းကို စတင်နိုင်ခဲ့တာဖြစ်ပြီး အထည်ချုပ်ခေတ်ကောင်းဖြစ်တာကြောင့် လုပ်ငန်းဟာ အချိန်တိုအတွင်းမှာ လုပ်ငန်းတိုးချဲ့ရသည့်အထိ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

        "အဲဒီအချိန်က ခေတ်အရမ်းကောင်းတယ်။အချိန်တိုတွင်းမှာ Booming ဖြစ်တာလေ။ အထည်တွေကလည်း သိန်းချီပြီးတော့ ချုပ်ရတယ်။ အိမ်မှ စက်အလုံး ၂၀ နဲ့စခဲ့တယ် မကြာဘူး ကျွန်မ အိမ်က စက်အလုံးတစ်ရာ အထိဖြစ်သွားတယ်။ တစ်နှစ်အတွင်းမှာ ရုံကြီးကို ရွှေ့လိုက်ပြီ။ တစ်ရာနဲ့ ရွှေ့လိုက်တာပါ" လို့ ဒေါ်ယဉ်ယဉ်မိုးက ဆိုပါတယ်။ တစ်နှစ်အကြာမှာ အလုပ်သမားအယောက် တစ်ရာဝန်းကျင်ရှိတဲ့ အထည်ချုပ် လုပ်ငန်းပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။

        နောက်တစ်နှစ် ၁၉၉၈ ခုနှစ်မှာတော့ ဒုတိယမြောက်စက်ရုံဖြစ်တဲ့ KA 2 စက်ရုံကို  လှိုင်သာယာစက်မှုဇုံမှာ အလုပ်သမား (၄၀၀) ကျော် အလုပ်ပေးနိုင်တဲ့ စက်ရုံကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။

        ဆယ်နှစ်ဝန်းကျင်အားကောင်းခဲ့တဲ့ အထည်ချုပ်လုပ်ငန်းက ၂၀၀၃ ခုနှစ်မှာတော့ သူတို့အတွက် မမျှော်လင့်ထားတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပြီး အော်ဒါတွေလည်း တဖြေးဖြေးနဲ့ ပါးပါးလာတဲ့အတွက် အလုပ်သမားတွေကို လစာတွေပေးဖို့မရှိတော့တဲ့အချိန်တွေက အကြပ်အတည်းဆုံးအချိန်တွေပဲ လို့ ဆိုပါတယ်။

        တစ်ချိန်ထဲဆိုသလိုဘဲ ကိုယ်ပိုင်စက်ရုံဖြစ်တဲ့ လှိုင်သာယာက KA 2 စက်ရုံကို ပိတ်ခဲ့ရပြီး။ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီလဲ ပိတ် ဖြစ်ခဲ့ရကာ အိမ်ထောင်ရေးလဲ ပြိုကွဲခဲ့တာကြောင့် သူ့အတွက်တော့ မေ့မရနိုင်တဲ့ အချိန်တွေပဲလို့ ဆိုပေမယ့် သမီးလေးအတွက် အားတင်းရင် ပြန်လည် ကြိုးစားခဲ့ကြောင်း ပြောပြခဲ့ပါသေးတယ်။

        ၂၀၀၆ ခုနှစ်မှာတော့ KA 1  စက်ရုံကို ပြန်လည် အသက်သွင်းပြီး ပြည်တွင်ဈေးကွက်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ လုပ်ငန်းတွေ ပိုမို တိုးချဲ့နိုင်ခဲ့ကာ ပြည်ပက အော်ဒါတွေလဲ ပြန်လည် ရရှိခဲ့ပါတယ်။ လက်ရှိ ၂၀၁၉ ခုနှစ်မှာတော့ KA 1 စက်ရုံကို လုပ်သား လေးရာကျော် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနိုင်မယ့် စက်ရုံအသစ်ကို ငှားရမ်ပြီး ပြန်လည်စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။

        ၂၀၀၃ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ရေရှည် ရပ်တည်နိုင်မယ့် ဈေးကွက်ကို ရယူလိုအပ်တယ်လို့ သူမက ယုံကြည်ထားပါတယ်။ ဒါကြောင့် သူမရဲ့ အထည်ချုပ်စက်ရုံက ထုတ်ကုန်တွေကို ဂျပန်ဈေးကွက်အတွက် ဦးစားပေးပြီး ဂျပန်ဈေးကွက်အတွက် အရည်အသွေးမီအောင် ဆောင်ရွက်နေပါတယ်။

        “အခုတည်ထောာင်ထားတဲ့ ကျမ စက်ရုံက ဂျပန်ဈေးကွက်ကို အဓိကထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်ဈေးကွက်ရဲ့ အရည်အသွေးကိုမီတဲ့ စက်ရုံတစ်ရုံက ရပ်တည်နိုင်ဖို့အတွက် ၅၀ ရာခိုင်နှုန်း စိတ်ချရတယ် ”  ဟု သူမက ရှင်းပြခဲ့သည်။

        ငယ်စဉ်အချိန်ကနေစပြီး သူအတွက် လုပ်ငန်းခွင်ထဲမှာ အခက်အခဲမျိုးစုံ ကြုံတွေ့ရင်ဆိုင်ခဲ့ရပြီ။ အဆိုးဆုံးအခြေအနေတွေကိုလည်း ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိ လုပ်ကိုင်နေတဲ့ KA 1 စက်ရုံက ပြန်လည်ငှားရမ်းလုပ်ကိုင်ရတာဖြစ်လို့ အကောင်အထည်မပေါ်သေးတဲ့ သူ့အိမ်မက်အတွက် ဆက်လက် ကြိုးစားရင်း အကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်သွားရအုန်းမှာ ဖြစ်ကြောင်း ပြောပြခဲ့သည်။

Source: Be News

Myanmar Textile and Garment Directory

Read 1628 times
Rate this item
(1 Vote)