What's new

×

Warning

JUser: :_load: Unable to load user with ID: 845


CMP စက်ရုံ အလုပ်ရုံများတွင် ဝန်ထမ်းလစာပေးရန် အစိုးရထုတ်ပြန်ချက်စောင့်ဆိုင်းနေ၊ စက်ရုံပိတ်သိမ်းရန်ပြင်ဆင်မှုများလည်းရှိလာဟုဆို

CMP လုပ်ငန်း ၊ စက်ရုံ၊ အလုပ်ရုံများ အောက်တိုဘာ ၂၁ ရက်ထိ ခေတ္တ ပိတ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်တိုဘာ ၅ ရက် တွင် ထုတ်ပြန်ကြေညာခဲ့တာကြောင့် လုပ်ငန်းရှင်များ အနေဖြင့် ဝန်ထမ်းများ လစာပေးရန် အခက်အခဲများဖြစ်ပေါ်နေပြီး အစိုးရ၏ထုတ်ပြန်ချက်အား စောင့်ဆိုင်းနေကြသလို စက်ရုံပိတ်သိမ်းရန် ပြင်ဆင်မှုများလည်း ရှိလာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှသိရပါ တယ်။

 

"ဒီနေ့ စက်ရုံတော်တော်များများက ဒီသတင်းကို မမျှော်မှန်းထားတော့ ဘယ်လိုလုပ်ရမလဲကိုမသိတော့ဘူး။ ငါတို့က ဒီလစာကို ဘယ်လိုပေးရ မလဲ ညွှန်ကြားချက်ကို စောင့်နေတာဘဲ။ လစာကို ဘယ်လိုမျိုးပေးရမှန်းကိုမသိတော့ဘူး။ စက်ရုံတော်တော်များက ပိတ်မယ်လည်းပြော အသံမျိုးစုံပေါ့။ သူတို့စက်ရုံတွေ ပိတ်ရင် ဘယ်လိုနစ်နာမှုတွေရှိမလဲ ဘယ်လိုဖြေရှင်းမလဲ ပြဿနာကလည်း ရှိသေးတယ်"လို့မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဗဟိုအလုပ်အမှုဆောင်ဒေါ်ကြင်အေးကပြောပါတယ်။

 

ကြိုတင်ပြင်ဆင်မှုမရှိဘဲ CMP လုပ်ငန်းစက်ရုံများ ယာယီပိတ်ရသည့် အတွက် ကုန်ချောများ အချိန်မှီ ပေးပို့နိုင်ခြင်းရှိမည်မဟုတ်သည့်အပေါ် Buyer များမှလည်း လျော်ကြေးတောင်းမှုများ ရှိနေပြီး စက်ရုံများပိတ်ထားရမှုကြာရှည်လာပါက ဈေးကွက်ပျောက်သွားနိုင်ကြောင်းလည်း အထည်ချုပ်လုပ်ငန်းရှင် တွေက ပြောဆိုပါတယ်။

 

"တချို့ဆို စက်ရုံပိတ်ရမယ့် အနေအထားကိုဖြစ်နေပြီ။ သူတို့က ကြိုတင်အကြောင်းမကြားဘဲ ချက်ချင်းတွေ လုပ်တော့ ကုန်တွေကကြိုမှာရတာ။Export ဆိုလည်း ကြိုလုပ်ရတာ တစ်ပါတ် ၊နှစ်ပါတ်လောက် အချိန်ပေးမှ သုံးရက်ဆိုတာနဲ့ ဘယ်လိုလုပ်ရမလဲ။ ကျွန်မတို့လည်း တော်တော်ခေါင်းကိုက်နေတယ်။ အော်ဒါရတာ မရတာထက်ကို အစိုးရပေါ်လစီက သုံးလပိတ် မယ်ဆိုလည်း ပိတ်လိုက် သေအကုန်သေ ရှင်အကုန်ရှင်ပေါ့။ အခုက ဟက်ကော့ကြီး ဖြစ်နေတယ်။ ပြီးရင် အခုလိုဗြုန်းစားကြီးတွေ ပိတ်တော့ buyer တွေကလည်း မယုံတော့ဘူး။ ကျွန်မတို့ကလည်း အတိုက်အခံပြောလို့မရဘူး။ Buyer က သူ့ပစ္စည်းက သူတို့နိုင်ငံမှာက ရောင်းထားပြီးဖြစ်နေတာ ဒီကပစ္စည်းကထွက်မလာတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုနဲ့ လုပ်ရတာ အဆင်မပြေတော့ လျော်ရတာတွေရှိလာတယ်"ဟု ဒေါ်ကြင်အေးက CMP စက်ရုံများအခြေအနေကိုပြောပြပါတယ်။

 

"Stay Home ကာလ ၂၄ ရက်ကနေစပြီး အလုပ်ကို ပိတ်ထားပေမယ့် ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ ဖုန်းဆက်မှ သိရပါမယ်၊ လစာလဲ မထုတ်ပေးပါဘူး။ ပြန်ဆင်းတဲ့နေ့မှ ထုတ်ပေးမယ်ပြောပါတယ်၊ ကြားထဲကပိတ်ရက်မှာလဲ လစာရမှာလားမေးတော့ အတိအကျ မဖြေကြပါဘူး။ ကျနော်က အဒေါ်အိမ်မှာနေတော့ အဆင်ပြေပေမယ့် အလုပ်ထဲမှာ အဆောင်ငှါး လကုန်ပေးနဲ့ထမင်းချိုင့် ယူစားတဲ့လူတွေက အများကြီးဆိုတော့ အဲ့ဒီလူတွေကတော့စားဝတ်နေရေးကြပ်တည်းကြပါတယ်"လို့ ရွှေလင်ဗန်းစက်မှုဇုန်မှ အလုပ်သမားတစ်ဦးက ပြောပါတယ်။

 

Covid-19 ကူးစက်မှုအရှိန်မြင့်တက်လာသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ စက်တင်ဘာ၂၀ ရက်နောက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး(ကိုကိုးကျွန်းမပါ)Stay at homeထုတ်ပြန်ချက်ကို ကြေညာခဲ့ခြင်းဖြစ်ပြီး မူလကြေညာချက်တွင် အောက်တိုဘာ ၇ ရက်အထိ CMP လုပ်ငန်းများပိတ်ထားရန်ကြေညာခဲ့ပြီး အောက်တိုဘာ၂၁ရက်အထိ ပိတ်ရန်ထပ်တိုးကြေညာခဲ့ပါတယ်။

 

#MyanmarLabourNews

Read 627 times
Rate this item
(0 votes)