လူသားတို့ရဲ့ နေ့စဉ်ဘ၀မှာ ဖက်ရှင်ဟာအမြဲဆက်နွယ်နေပါတယ်။ကဏ္ဍအသီးသီးက လူသားတွေမှာ မတူညီတဲ့ဖက်ရှင်အမြင်တွေရှိနေကြပါတယ်။ တချို့တွေက ကိုယ့်ကိုယ်ကိုယ်ဖက်ရှင်ကျ အောင် တွဲစပ်ဖန်တီးမှုတွေနဲ့ ၀တ်ဆင် တတ်ကြတယ်။
တချို့တွေကတော့ အများအတွက်ပါ ကွန့်မြူးတတ်ကြပါ တယ်။ သူတို့တွေရဲ့ ဖက်ရှင်ပါရမီတွေ၊ အမြင်တွေကို အကောင်းဆုံးကြိုးစား အသုံးချလိုက်တဲ့အခါမှာတော့ ဖက်ရှင် ဒီဇိုင်နာအဖြစ် ရောက်ရှိလာကြပါတော့ တယ်။
ဒီလိုဖက်ရှင်ပညာရှင်တွေများ စွာထဲကမှ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာများရဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။Coco Chanel ဆိုတဲ့နာမည်ထဲမှာ ကမ္ဘာကျော်ဖက်ရှင်တံဆိပ်တစ်ခုနာမည်ပါ နေတာကို သတိထားမိကြမယ်ထင်ပါတယ်။ အဲဒီ Coco Chanel ဆိုတဲ့အမျိုးသမီးဟာ လူတွေနှစ်ခြိုက်ဝယ်ယူနေကြတဲ့ CHANEL တံဆိပ်ရဲ့ မိခင်ဒီဇိုင်နာကြီးပါပဲ။ သူမက ပြင် သစ်လူမျိုး ဖက်ရှင်ဒီဇိုင်နာပါ။
သူရဲ့အမည်အပြည့်အစုံကတော့Gabrielle Bonheur Coco Chanel ဖြစ်ပါတယ်။ ၁၈၈၃ ခုနှစ်၊ သြဂုတ်လ(၁၉)ရက်မှာ မွေးဖွားခဲ့ပါတယ်။ သူ့အသက် (၁၂)နှစ်ကတည်းကမိခင်ဖြစ်သူဆုံးပါးခဲ့လို့ မိခင်မေတ္တာငတ်မွတ်ခဲ့တာပါ။ ကဖေးဆိုင်မှာ သီဆိုဖျော်ဖြေသူတစ်ယောက်အဖြစ်လည်း အသက်မွေးခဲ့ရသူမို့ ဖက်ရှင်ဒီဇိုင်နာဖြစ်လာမယ့်သူလို့လည်း ထင်ရက်စရာမရှိပါဘူး။ သီ ချင်းတွေနဲ့နီးစပ်တာမို့ သူ့နာမည်က Coco ဆိုတဲ့စာလုံး ကလည်း အဲဒီတုန်းကခတ်စားတဲ့သီချင်းနှစ်ပုဒ် ခေါင်း စဉ်နဲ့ဆက်စပ်ပြီး မှည့်ထားတာလို့ဆိုပါတယ်။ နှစ်အနည်း ငယ်ရုန်းကန်ပြီးတော့ စားဝတ်နေရေးအတွက် မတူညီတဲ့ အလုပ်တွေလုပ်ခဲ့ရပါတယ်။ ငယ်ဂုဏ်ရဲ့ဆွဲဆောင်မှု လည်းရှိလေတော့ Spa တစ်ခုမှာ သီချင်းဆက်ဆိုပြီး အသက်မွေးရပါသေးတယ်။ ဒါပေမဲ့ အဲဒီ Spa က သူ တို့ရာသီကုန်မှာရပ်နားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်ရ ပြန်ပါတယ်။
သူအသက်(၂၃)နှစ်ရောက်တဲ့အခါမှာတော့ ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက ၀တ်စုံချုပ်လုပ်ငန်းကြီးကိုအမွေဆက်ခံထားတဲ့ Etenne Balsan နဲ့ ချစ်ကြိုက်ခဲ့ပြီး သုံးနှစ်ကြာတဲ့အခါ အတူနေ ထိုင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကံတရားက ရှုပ်ထွေးလှပါတယ်။ ပုဂ်္ဂိုလ်ရေးရှုပ်ထွေးမှုတွေကြောင့် သူတို့နှစ်ဦး မတည်မြဲခဲ့ပါဘူး။
Coco Chanel ဟာ Balsan နဲ့နေစဉ်က ကနဦးအဖြစ် ဦးထုပ်ဒီဇိုင်းတွေ စတင်ဖန်တီးပါတယ်။ ဒါကသူ့ရဲ့စွန့်ဦးတီထွင်မှုတစ်ခုပါ။ ၁၉၁၀ ပြည့်နှစ်မှာ ဦးထုပ်လုပ်ငန်းလိုင်စင်ရရှိခဲ့ပါပြီ။ သူ့ရဲ့ ဦးထုပ်ဆိုင် Chanel Modes ကို ပဲရစ်မှာဖွင့်လှစ်ခဲ့နိုင်ခဲ့ပါပြီ။ သူတို့ ဆိုင်ဖွင့်ထားတဲ့နေရာက အ၀တ်အစားပဲရောင်းကြပေမယ့် Chanel က ဦးထုပ်တွေပဲ ရောင်းခဲ့ပါတယ်။ (၁၉၁၂) မှာ ပြဇာတ်မင်းသမီး Gabrielle Dorziat က သူ့ဦးထုပ် ကို ဆင်မြန်းခဲ့ပါ တယ်။ နောက်ပိုင်းမှာလည်း Gabrielle Dorziat ကပဲ ဦးထုပ်မော်ဒယ်လုပ်ပေးပါတယ်။
၁၉၁၃ ခုနှစ်မှာ အင်္ဂလိပ်အထက်တန်းစားတစ်ဦးဖြစ်တဲ့ Arthur Capel ဟာ သူ့ ဆိုင်အတွက်အားဖြည့်ခဲ့ပါတယ်။ သုံးသပ်သူများကတော့ Capel ရဲ့ ၀တ်စားဆင်ယင် ပုံဟာ သူ့အပေါ်လွှမ်းမိုးမှုရှိနိုင်တယ်လို့ဆိုပါတယ်။ CHANEL No.5 ရေမွှေးဘူး ဒီဇိုင်းက ပုလင်းပုံဖြစ်ရခြင်း အကြောင်းရင်း နှစ်ချက်မှာ တစ်ချက်က Capel ရဲ့ ဆန်းထွင်ကွန့်မြူးမှုနဲ့ ဆက်စပ်မှုရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။
Coco Chanel ဟာ သူ့ရဲ့ဆိုင် CHANEL မှာ အားကစားသမားတွေ၊ အပန်းဖြေအနားယူသူတွေနဲ့ သင့်တော်တဲ့ ထသွားထလာဖက်ရှင်တွေရယ်၊ အမျိုး သားအတွင်းခံတွေရယ်ရောင်းချခဲ့ပါတယ်။ CHANEL ဆိုင်က အချက်အချာကျတဲ့ ဖက်ရှင်လမ်းမပေါ်မှာ ဖွင့်ထားပြီး ဦးထုပ်တွေ၊ ဂျက်ကက်တွေ၊ ဆွယ်တာတွေ၊ သင်္ဘောသားဝတ်စုံပုံ မိန်းမ၀တ်အင်္ကျီတွေ၊ ခေါင်းစွပ်လက်ရှည်တွေနဲ့ အတော်လေး စုံစုံလင်လင်ပါပဲ။ ဒီကရတဲ့ဝင်ငွေတွေနဲ့ပဲ သူ့ညီမနဲ့ဆွေမျိုးတချို့ကို ကျွေးမွေးခဲ့ ရတာပါ။ ၁၉၁၉ မှာတော့ CHANEL ရဲ့ လက်တွဲဖော် Capel ကားမတော်မဆနဲ့ သေဆုံးခဲ့ရရှာပါတယ်။ ဒါကို Chanel က အမြဲဝမ်းနည်းခဲ့ရတာပါ။ နောင်နှစ် အစိတ်ကြာတဲ့အခါ ““Capel သေဆုံးခဲ့တာဟာ အရာရာပျောက်ဆုံးခဲ့တာပါ““လို့ သူ့သူငယ်ချင်းတစ်ယောက်ကို ဖွင့်ပြောခဲ့ပါသေးတယ်။
Chanel ဟာ သူ့ဆိုင်အတွက် တစ်နှစ်ထက်တစ်နှစ် ပိုကောင်းတဲ့ ဖန်တီးမှုတွေလုပ်ပါတယ်။ ၁၉၂၀ ပြည့်နှစ် နောက်ပိုင်းမှာ ဦးထုပ်နဲ့ အ၀တ်တွေတင်မကဘဲ ရေမွှေး၊ အဆင်တန်ဆာတွေ၊ ကျောက်မျက်ရတနာတွေပါ တိုးချဲ့ ဖန်တီးရောင်းချလာခဲ့ပါတယ်။ ဒါပေမဲ့လည်း စွန့်ဦးသူတို့ လျှောက်တဲ့လမ်းဖြစ်တဲ့အတွက် အခက်အခဲ၊ အဆီးအတား တွေ အများကြီးကြုံခဲ့ရပါတယ်။ အဆိုးရွားဆုံးကတော့ ဒုတိယကမ်္ဘာစစ်ကြောင့် သူရဲ့ Chanel လုပ်ငန်းကို နှစ်ပေါင်း ၁၅နှစ်ကြာ ရပ်နားထားရခြင်းပါ။
၁၉၄၅ ခုနှစ်မှာ Coco Chanel ဟာ ဆွစ်ဇလန် နိုင်ငံကို ပြောင်းရွှေ့ပြီး နှစ်များစွာနေထိုင်ပါတယ်။ အသက် ၇၀ ကျော်လာခါမှ ၁၅ နှစ်ကြာပိတ်ထားရတဲ့ဆိုင်ကို ပြန်ဖွင့် ပြီး ဖက်ရှင်လောထဲ တစ်ကျော့ပြန်ဝင်ရောက်ခဲ့ပါတယ်။ အိုမင်းမစွမ်းအရွယ် ဇွဲ၊ သတ္တိတွေနဲ့ ပြန်လည်ရုန်းကန်ခဲ့ပါတယ်။ ဒီလိုကြိုးစားခြင်းကပဲ သူမရဲ့ Chanel တံဆိပ် ကို ကမ္ဘာ့ထိပ်တန်းတံဆိပ်အဖြစ် ရောက်ရှိလာစေခဲ့တာ ပါပဲ။
ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာကြီး Coco Chanel ရဲ့ နောက်ဆုံးလက်ကျန်ဘ၀ကတော့ အလွန်အမင်း အထီး အကျန်ဆန်ခဲ့ရပါတယ်။ အသက် ၉၀ နားကပ်တဲ့အထိ ဖက် ရှင်လုပ်ငန်းတွေကိုလုပ်ဆဲပါ။ သူရဲ့ လူယုံတော်ကိုလည်း အဖော်ပြုခဲ့ရတယ်။ တစ်ခါတလေ သူရဲ့မိတ်ဆွေနဲ့အတူ လမ်းလျှောက်ထွက် ဖြစ်ကြပါတယ်။
၁၉၇၁ မှာ Coco Chanel အသက် ၈၇ အရွယ် ရောက်လာခဲ့ပါပြီ။ အသက်အရွယ်ကြီးလာပေမယ့် လုပ်နေကျဖြစ်တဲ့ နွေဦးရာသီဖက်ရှင်ကတ်တလောက်အတွက် ပြင် ဆင်ဆဲပါ။ တစ်နေ့မှာတော့ နေ့ခင်းဘက် အချိန်ကြာကြာ ကားစီးခဲ့ရတဲ့ အရှိန်ကြောင့် ပင်ပန်းဖျားနာပြီး ဇန်န၀ါရီ ၁၀ ရက်နေ့မှာ သူနေထိုင်တဲ့ Ritz ဟိုတယ်မှာ အနိစ္စရောက်ခဲ့ရှာ ပါတယ်။ သူရဲ့ဈာပနမှာ CHANEL ရဲ့ ဖက်ရှင်မော်ဒယ် တွေက ထိုင်ခုံရှေ့ဆုံးတန်းမှာထိုင်ကြပြီး ၀မ်းနည်းခြင်းကို ဖော်ပြခဲ့ကြပါတယ်။ သစ်ခွဖြူ၊ ဇီဇ၀ါဖြူ၊ လက်ဖက်နှင်းဆီဖြူ တွေကိုနှင်းဆီနီနဲ့ရောပြီး ဆင်ယင်နှုတ်ဆက်ခဲ့ကြပါတယ်။
ဖက်ရှင်ဒီဇိုင်နာကြီး COCO CHANEL ကွယ်လွန်ခဲ့တာ နှစ်တွေကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ သူမက ဒီနေ့ထိတိုင် ကမ္ဘာ့အကျော်ကြားဆုံး၊ နာမည်အကြီးဆုံး ဖက်ရှင်ဒီဇိုင်နာစာ ရင်းရဲ့ ထိပ်ဆုံးမှာရပ်တည်နေသလို၊ ၁၉၀၉ ခုနှစ်မှာ သူ တည်ထောင်ဖန်တီးခဲ့တဲ့ CHANEL တံဆိပ်ဟာလည်း သက်တမ်း ၁၀၀ ကျော်တိုင် ထိပ်ဆုံးမှာပဲ ရှိနေဆဲဖြစ်ပါ တော့တယ်။
source:the chic magazine