What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မတူညီကွဲပြားသည့် ပိတ်စအမျိုးအစား(၅)မျိုးနှင့် အရည်အသွေးများ

ချည်မျှင်နှင့် အထည်တွေကို ၎င်းတို့၏ မူရင်းရရှိမှုတွေပေါ်မူတည်ပြီး အမျိုးအစားများစွာ ခွဲခြားထားပါတယ်။ ထိုအမျိုးစားများထဲမှ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရတတ်ပြီး ဝတ်ဆင်လို့ကောင်းသည့် အထည်သား(၅)မျိုးအကြောင်းကို တင်ပြသွားပါမယ်။

Cotton (ချည်ထည်)

Cotton Fabric

“ချည်” လို့ပြောလိုက်ရင် “ချည်” နဲ့ပြုလုပ်ထားသည့် အင်္ကျီ၊ အိတ်၊ စားပွဲခင်း နှင့် အခြားသော အသုံးအဆောင်ပ စ္စည်းများကို ကိုယ့်ပတ်ဝန်းကျင်မှာ သတိထားမိမှာပါ။ ဒါဆိုရင် ချည်ကို ဘယ်ကရတာလဲ? ဘယ်လိုလုပ်တာလဲ?

ချည် (ခေါ်) ဝါချည်ကို ဝါပင်မှရတာ ဖြစ်ပါတယ်။ ဝါပင်မှ ဝါသီးလေးတွေ ရင့်ခြောက်လာရင် လက်ဖြင့်ကောက်သိမ်းကြပါတယ်။ ကောက်သိမ်းထားတဲ့ ဝါသီးတွေမှာ အစေ့ရှိပြီး အစေ့ပါတဲ့ ဝါသီးကို “ဝါပေါက်” ဟုခေါ်သည်။ ဝါပေါက်တွေကို ဝါကြိတ်စက်ဖြင့် အစေ့ထုတ်ဖယ်ရှာပြီးလျှင် ဝါဂွမ်းအဆင့်သို့ ရောက်သွားပါသည်။ ထိုဝါဂွမ်းမှတစ်ဆင့် ဝါချည်မျှင်များကို ရက်လုပ်ကြပါသည်။ ဝါချည်မျှင်ဖြင့် ကြမ်းတမ်းသော အညံ့စားပိတ်အမျိုးအစားများမှ ပိုးသားကဲ့သို့ နူးညံ့သည့်ပိတ်မျိုးထိ အမျိုးမျိုးရက်လုပ်နိုင်ပါသည်။

 

Linen (လီနင်)

linen fabric

လီနင်သည် ပိုက်ဆံလျှော်မှ ထုတ်သော အထည်စတစ်မျိူးဖြစ်ပါသည်။ လီနင်သည် ခိုင်ခန့်ပြီး ကြာရှည်ခံသည်။ လိနင်သားသည် ချွေးစုပ်လွယ်သောကြောင့် ပူအိုက်သောရာသီတွင် အဝတ်များသည်။ ဝါချည်သားထက် အခြောက်မြန်သည်။ ထူးခြားချက်မှာ လီနင်သည် အပြင်ရာသီဥတုကိုလိုက်၍ မိမိကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆိုလိုတာက နွေရာသီမှာဝတ်ရင် အေးပြီး ဆောင်းရာသီမှာဝတ်ရင် နွေးစေပါတယ်။ လီနင်သည် ဝါချည်သားလို လွယ်ကူစွာ လျှော်ဖွတ်နိုင်ပါတယ်။ လီနင်ကို အင်္ကျီအဝတ်အစားချုပ်လုပ်ရာတွင် သုံးသလို အိပ်ရာခင်းအတွက်လည်း အများဆုံးသုံးတာကို တွေ့ရပါတယ်။

Silk (ပိုးထည်)

What Is Mulberry Silk

ပိုးချည်သည် ဝါချည်ကဲ့သို့ အပင်မှရသော ချည်မျှင်မျိုး မဟုတ်ပဲ (Silkworms) လို့ခေါ်တဲ့ ပိုးကောင်တွေရဲ့ သားလောင်းဥအိမ်မှရသော ချည်မျှင်မျိုးဖြစ်ပါတယ်။ ရှေးအခါက ပိုးချည်ဖြင့် ရက်လုပ်သော အဝတ်အထည်သည် တန်ဖိုးအလွန်ကြီးသဖြင့် ဘုရင့်အထည်အလိပ် ဟုပင်ခေါ်ခဲ့ကြပါတယ်။
ထိုပိုးကောင်တွေဟာ အင်းဆက်ပိုးတစ်မျိုးဖြစ်ပြီး ပိုးတီ ( Larva ) သို့မဟုတ် ခူကောင်၊ ဘောက်ဖတ် ( Caterpillar ) လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

ထိုပိုးကောင်တွေဟာ သူတို့ရဲ့ သားလောင်းအတွက် ဖင်ပိုင်းမှထွက်ရှိသော အမျှင်ဖြင့်ရစ်ပတ်ပြီး သားအိမ်ဖွဲ့ပါတယ်။ ပိုးချည်မျှင်ရရှိဖို့ဆိုရင် ၄င်းသားလောင်းဥအိမ်များကို သန့်စင်၍ ရေနွေးဖြင့် ထည့်ပြုတ်ကာ ချည်မျှင်ရယူရပါကြောင်း သိရပါတယ်။ ပိုးထည်တွေက အလွန်နူးညံ့တဲ့အတွက် ထိန်းသိမ်းရခက်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ပိုးထည်သည် ဆွဲဆောင်မှာရှိပြီး တောက်ပြောင်တဲ့အတွက် ပွဲတိုးပါတယ်။

 

Wool (သိုးမွေးထည်)

Wool

သိုးမွေးထည်ကို သိုးကောင်များရဲ့ ကိုယ်ပေါ်တွင် ပေါက်သည့် အမွေးမှ ရရှိပါတယ်။ သိုးမွေးသည် အခြားသတ္တဝါများကိုယ်ပေါ်တွင် ပေါက်သော သာမန်အမွေးမျိုးနှင့် မတူချေ။ ခြားနားပုံမှာ သာမန်အမွေးမျိုးထက် သိုးမွေးကပို၍ အမျှင်သေးပါတယ်။

သိုးမွေးအမျှင်များသည် တစ်ခုနှင့်တစ်ခု ယှက်တင်တွယ်ကပ်လျက်ရှိ၍ တွန့်လိမ်နေသည့်အတွက် သိုးမွေးချည်မျှင်များသည် ပြေမထွက်နိုင်အောင် ခိုင်မြဲကြပါတယ်။ ကျုံ့နိုင်ကန်နိုင်ခြင်းမှာလည်း သိုးမွေး၏အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ ထိုအရည်အချင်းများရှိခြင်းကြောင့် အေးသောဒေသနှင့်အေးသောရာသီတွင် ဝတ်ဆင်ရန် အထည်များရက်လုပ်ရာ၌ သိုးမွေးကို အခြားမည်သည့် အမွေးမျိုးမှမမှီနိုင်ပေ။ သိုးမွေးသည် ပေါ့ပါး၍ ပြင်ပ အအေးနှင့်စိုထိုင်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။

 

Velvet (ကတ္တီပါ)

Velvet

ကတ္တီပါဆိုတာ ဘယ်အမျှင်နဲ့မဆို ရက်လုပ်လို့ရတဲ့ အထည်စတစ်မျိုး ဖြစ်ပါတယ်။ သဘာဝချည်မျှင်၊ ပိုးမျှင်၊ ချည်မျှင်တုတို့ဖြင့် ရက်လုပ်ထားတဲ့ ကတ္တီပါတွေလည်း ရှိပါတယ်။ အရည်အသွေးအကောင်းဆုံး ကတ္တီပါစတစ်ခုကိုဖန်တီးဖို့ အနည်းဆုံး အမျှင်နှစ်မျိုးလောက်သုံးပြီး ရက်လုပ်တတ်ကြပါတယ်။ ပိုးကတ္တီပါ၊ လီနင်းကတ္တီပါ၊ ဝါဂွမ်းကတ္တီပါ၊ သိုးမွေးကတ္တီပါ၊ ချည်မျှင်တုကတ္တီပါ စတာတွေက လူသိများတာတွေဖြစ်ပါတယ်။

ကတ္တီပါစက သိပ်သည်းမှုထူထပ်တဲ့အတွက် အရောင်အသွေးကို ကောင်းကောင်းဖော်ပြနိုင်ပါတယ်။ သိပ်သည်းဆကြောင့် ကတ္တီပါစက ဆိုးဆေးပမာဏများစွာကိုစုပ်ယူနိုင်ခြင်း၊ တောက်ပသောအရောင်အသွေးကိုဖန်တီးနိုင်ခြင်းစတဲ့ ဂုဏ်သတ္တိတွေ ပိုင်ဆိုင်ထားပါတယ်။ သာမန်ဆေးဆိုးပြီး ရက်ထားတဲ့ ချည်ထည် ဒါမှမဟုတ် လီနင်သားတွေထက်စာရင် ကတ္တီပါက အရောင်ပိုပြီးတောက်ပါတယ်။

 

Read 2176 times
Rate this item
(0 votes)