တောင်းမှာ အကွပ် လူမှာ အဝတ်ရယ်လို့ အဝတ်အစားရဲ့ တန်ဖိုးနဲ့ နေရာကျမှုကို ရှေးလူကြီးတွေက ဆိုထုံးပြုခဲ့ကြပါတယ်။ ဒီလို အရေးပါတဲ့ လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းသူတွေထဲမှာ ဖက်ရှင်ဒီဇိုင်းပညာရှင်တွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့ မရပါဘူးနော်..။ ဖက်ရှင်ဒီဇိုင်နာတွေ အကြောင်း ပြောရာမှာ သိထားသင့်တဲ့ နာမည်ကြီးပုဂ္ဂိုလ်တချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်..။
(၁) Tom Ford
ခေတ်သစ်အမျိုးသားဝတ်ဖက်ရှင်ဒီဇိုင်းလောကမှာ ဩဇာကြီးသူတစ်ဦးက တွမ်ဖို့ဒ်ဖြစ်ပါတယ်။ ပါရီမှာ ဗိသုကာပညာရှင်အဖြစ် လေ့လာခဲ့ရာကနေ ဖက်ရှင်လောကထဲ ဝင်ရောက်လာသူ ဖြစ်ပါတယ်။ Gucci မှာလည်း Creative Director လုပ်ခဲ့ဖူးပြီး နောက်ပိုင်းမှာ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ နာမည်ကျော်ဖက်ရှင်တွေ ၊ မျက်မှန်နဲ့ ရေမွှေးတွေပါ ထုတ်ပါတယ်။
(၂) Alessandro Michele
အီတလီဖက်ရှင်ဒီဇိုင်နာ အလက်ဆန်ဒရို မစ်ချီလီလည်း Gucci မှာ Creative Director အဖြစ် တာဝန်ယူနေသူလည်း ဖြစ်ပါတယ်။ ရောမမှာ ရှိတဲ့ Accademia di Costume e di Moda မှာ ဖက်ရှင်ဒီဇိုင်းဘာသာရပ်နဲ့ ကျောင်းပြီးခဲ့တာပါ။ ယခုချိန်မှာ သူဟာ ဖက်ရှင်နယ်ပယ်တွင် လူသိအများဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်နေသလို နိုင်ငံတကာဖက်ရှင်ဆုတံဆိပ်တွေလည်း အများအပြား ရထားသူ ဖြစ်ပါတယ်။
(၃) Virgil Abloh
ဗာဂီးလ်အက်ဘ်လို့သ်ကတော့ ဖက်ရှင်ဒီဇိုင်နာလည်း ဖြစ် ၊ စွန့်ဦးတီထွင်သူလည်း ဖြစ်ပါတယ်။ Louis Vuitton အမျိုးသားဝတ်ဖက်ရှင်မှာ အနုပညာဒါရိုက်တာအဖြစ် လုပ်ခဲ့ပါတယ်။ အခုတော့ ကိုယ်တိုင်တည်ထောင်ထားတဲ့ မီလန်အခြေစိုက် Off-White ဖက်ရှင်ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်ပါတယ်။
(၄) Ricardo Tisci
အီတလီဖက်ရှင်ဒီဇိုင်နာ ရီကာဒိုတစ္စီဟာ အရှုံးပေါ်နေတဲ့ Givenchy ကို ဦးမော့လာစေသူအဖြစ် နာမည်ကြီးပါတယ်။ ၂၀၁၈ မှာ Burberry တွင် Creative Director အဖြစ် အလုပ်ဝင်ခဲ့ပြီး သူ့လက်ထက်မှာ Burberry brand ကို ဆန်းသစ်တီထွင်မှုတွေ လုပ်ခဲ့ပါတယ်။ Luxury streetwear လောကထဲကို Burberry ကို ပေါက်အောင် ဖောက်ခဲ့ပါတယ်။
(၅) Christopher Raeburn
ခရစ္စတိုဖာရေးဘန်ကတော့ ဗြိတိန်ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ပြီး အမျိုးသားဝတ်ဖက်ရှင်တွေအပြင် အမျိုးသမီးအဝတ်တွေနဲ့ တခြား အသုံးအဆောင်တွေလည်း ဒီဇိုင်းထုတ်ခဲ့သူ ဖြစ်ပါတယ်။ ပညာရေးအနေနဲ့ တော်ဝင်အနုပညာကောလိပ်နဲ့ Middlesex လန်ဒန်တက္ကသိုလ်တို့မှာ တက်ရောက်ခဲ့ပါတယ်။ Timberland အမှတ်တံဆိပ်ရဲ့ ပထမဆုံး Creative Director လည်း ဖြစ်ပြီး GQ က ပေးတဲ့ အတော်ဆုံး လက်သစ် ဒီဇိုင်နာဆု ရရှိထားသူလည်း ဖြစ်ပါတယ်။
Myanmar Textile & Garment Guide
Source: kwee.co