အမျိုးသမီးတစ်ယောက်မှာဆိုရင် အဝတ်အစားရွေးချယ်မှုက အရေးကြီးပါတယ်။ အမျိုးသမီးမှ မဟုတ်ပါဘူး၊ အမျိုးသားတွေလဲ အဝတ်အစား ရွေးချယ်တတ်ဖို့ လိုပါတယ်။
လူတစ်ယောက်ကို စတွေ့တွေ့ချင်း တစ်ယောက်နဲ့ တစ်ယောက် မရင်းနှီးသေးခင်မှာဆိုရင် စိတ်နေစိတ်ထားကို အဝတ်အစားနဲ့ အကဲဖြတ်လို့ ရပါတယ်။ ဒါကြောင့်မို့ အဝတ်အစားရွေးချယ်တတ်ဖို့က အရေးကြီးတာပါ။ ဆယ်ကျော်သက်အရွယ်ကနေ နှစ်ဆယ်ကျော် မိန်းမပျိုအရွယ်ကို ရောက်ရှိလာတဲ့အခါမှာ အရင်ကလို တွေ့ရာအဝတ်အစားကို ကောက်ဝတ်လို့ မရတော့ပါဘူးနော်။ လိုက်ဖက်တဲ့ အဝတ်အစားကို ရွေးချယ်ရတော့မှာပါ။ အရမ်းဖော်လွန်းတဲ့ အဝတ်အစား ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ရတော့မှာပါ။ ပြီးတဲ့အခါမှာ ကိုယ့်ရဲ့ အားသာချက်ကို သိရှိအောင် လုပ်ပြီးတော့ သူများထက် ထင်ရှားပေါ်လွင်အောင် Acessories တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်နော်။
(၁) နေရာဒေသနဲ့ လိုက်ဖက်သင့်တော်အောင် ဝတ်ဆင်ပါ။
သူငယ်ချင်းတွေနဲ့ night out ထွက်တဲ့အဝတ်အစားနဲ့ အလုပ်မှာဝတ်တဲ့ အဝတ်အစား ကွဲပြားသလိုပေါ့။ သူနေရာနဲ့သူဝတ်တတ်ပါစေ။ ဒါ့အပြင် ကိုယ်ဝတ်တဲ့အဝတ်စားဟာ ကိုယ်အတွက် ယုံကြည်မှု ရှိဖို့လဲ လိုအပ်ပါသေးတယ်။ တစ်ခါတစ်လေမှာ ဝတ်စုံဟာ လှနေပေမဲ့ ကိုယ်အတွက် နေရထိုင်ရတာ အဆင်မပြေ ဖြစ်စေနိုင်ပါတယ်။ ဒါဟာ သင့်ကိုလှပတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာစေမှာမဟုတ်ပါဘူး။
(၂)ကိုယ်ဝတ်တဲ့အဝတ်အစားဟာ ကိုယ်အသက်နဲ့ လိုက်ဖက်မှု ရှိပါစေ
ကျွန်မတို့အမျိုးသမီး တော်တော်များများဟာ ကိုယ်အသက်ကို လက်မခံနိုင်ကြပါဘူး။ ဒါဟာ မိန်းကလေးသဘာဝပါ။ ဒါပေမဲ့ ဒီလိုဝတ်ဆင်ခြင်းဟာ ကိုယ်ကိုတိုင်တော့မြင်မိမှာ မဟုတ်ပေမဲ့ ကိုယ်ဘေးကလူတွေအတွက်တော့ တော်တော် အကျည်းတန်စေပါတယ်။ ကိုယ်အသက်နဲ့မလိုက်ဖက်တဲ့အဝတ်အစား ဝတ်ဆင်မဲ့အစား ကိုယ်နဲ့လိုက်တဲ့အဝတ်အစားဝတ်ဆင်ပြီး ယုံကြည်မူရှိရှိနေလိုက်ပါ။ ဒါဟာ သင့်ကို ပို၍ လှပစေပါလိမ့်မယ်။ ကိုယ်ရဲ့အသက်နဲ့ မလိုက်ဘဲကိုယ်ရုပ်က နုနေရင်တော့ တစ်မျိုးပေါ့နော်။
(၃) အဝတ်အစားဝတ်ဆင်တဲ့နေရာမှာ အရောင်ရွေးချယ်တတ်ခြင်းဟာလည်း အရေးကြီးတဲ့ ကဏ္ဍမှာပါပါတယ်
အဝတ်အစားအရောင်ရွေးချယ်တဲ့နေရာမှာ ကိုယ်ရဲ့အသားအရည်နဲ့လိုက်တဲ့ အရောင်ရွေးချယ်ဖို့လိုပြီး ဘယ်နေရာမှာဝတ်မယ်ဆိုတာကိုလဲ ထည့်စဉ်းစားရမှာပါ။ ဘယ်နေရာမှာ ဘာအရောင်မဝတ်ရဆိုတဲ့ ကန့်သတ်ချက်မရှိပေမဲ့ လူအများလက်မခံတဲ့အရောင်တွေလည်းရှိပါတယ်နော်။ ဥပမာ မင်္ဂလာယူတဲ့ပွဲတွေမှာ အနက်ရောင် မရွေးချယ်ခြင်းပါ၊ ဥပဒေတော့မရှိပေမဲ့ ဝတ်ဆင်သွားလို့တော့ အဆင်မပြေနိုင်ပါဘူး။
Author: Ydnw
Myanmar Textile and Garment Directory