What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြစ်ကြီးနားမြို့မှ အမျိုးသမီးလုပ်ငန်းရှင်၏ ရက်ကန်းရုံ

လယ်ကုန်းရပ်ကွက်  ရက်ကန်းရုံရှိရာသို့ မြစ်ကြီးနားမြို့ထဲမှ ၁၀ မိနစ်ခန့် ဆိုင်ကယ်ဖြင့် သွားရောက်ရသည်။

 

အများစုမှာ တစ်နိုင် တစ်ပိုင်ပုံစံဖြစ်ပြီး မိမိတို့ ထုတ်လုပ်ရရှိသည် များကို အရောင်းဆိုင်ကြီးများသို့ ပြန်လည် ရောင်းချပေးပို့ကြသူများ ဖြစ်ကြသည်။ မြစ်ကြီး နားတွင် ကချင်ရိုးရာ အ၀တ်အထည်ဆိုင် ၁၀ ဆိုင်ကျော်ရှိသည်။ ထိုဆိုင်များကလည်း ရက် ကန်းရုံများ တည်ထားကြသည်။

ဒေါ်ခန်းရင် ရက်ကန်းရုံတွင် စင်ပေါင်း ၇၀ ကျော်ရှိပြီး ၀န်ထမ်းများကို စားရိတ်ငြိမ်း ထား ပေးသည်ကို တွေ့ရသည်။ အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ် နှစ်မျိုးစလုံးကို ထုတ်လုပ်သည်။ အမျိုးသားဝတ်အတွက် စက်ရက်ကန်း အသုံးပြု ထုတ်လုပ်ပြီး အမျိုးသမီးဝတ်အတွက် လက် ရက်ကန်းကို အသုံးပြုကြသည်။ ဒေါ်ခန်းရင် ဆိုသည် မှာ အသက် ၈၀ ကျော် အရွယ်ရောက်နေသည့် အမျိုးသမီး ကြီးဖြစ်သည်။ မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန် တို့တွင် အရောင်းဆိုင်များဖွင့်၍ ကချင် ရိုးရာ ထည်များကို မြန်မာတစ်ပြည်လုံးအနှံ့ ရောက်ရှိ ရန် ပို့ဆောင်ရောင်းချနေသည့် လုပ်ငန်းကြီးကိုတည်ထောင်ခဲ့သူဖြစ်သည်။

ဒေါ်ခန်းရင် တံဆိပ်တစ်မျိုးတည်းကိုသာ အသုံးပြုခြင်းဖြစ်သည်။ အမျိုးသားဝတ်အတွက် ထုတ်လုပ်သည့် စက်ရက်ကန်းကို ၁၂ လုံး တပ်ဆင်ထားသည်။ စက်ရက်ကန်းမှာ လူကိုယ် တိုင် လုပ်ကိုင်စရာ မလိုဘဲ စက်ဖြင့်ရက်လုပ် ရခြင်းဖြစ်ပြီး လူမှ ချည်ငြိခြင်း၊ ချည်ပြတ်ခြင်း၊ စက်ရပ်သွားခြင်းများကို လိုက်လံထိန်းကျောင်း ပြုပြင်ပေးရသည်။ စက်စတင် တပ်ဆင်စဉ်က စက်တစ်လုံး လူတစ်ယောက် အသုံးပြုခဲ့သော် လည်း ကျွမ်းကျင်သည့်အဆင့်သို့ ရောက်လာ သည့်အခါ လူတစ်ယောက်စက်နှစ်လုံး ကိုင် တွယ်ထိန်းကျောင်းလာနိုင်ခဲ့သည်။ စက်များမှာ ပြည်တွင်းထုတ်များဟု သိရသည်။ တံဆိပ်များ ရိုက်နှိပ်ထားသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာ ပြည်အလယ်ပိုင်း ရွှေဘိုနယ်ဝမ်းတွင်းမှ ထုတ် လုပ်ကြခြင်းဖြစ်ကြောင်း တွေ့ရပြီး မြစ်ကြီးနား သို့ အရောက်မှာယူနိုင်သည်။  တန်ဖိုးမှာ လုပ်ငန်းသို့အရောက် ရထားတန်ဆာခ၊ ကား တင်ခ၊ အလုပ်သမားခအပြီး ၁၆ သိန်းကျပ်ဖြစ် သည်။ ၀မ်းတွင်းမှထုတ်သည့် စက်ရက်ကန်း များကို ယင်းဒေသတွင်သာမက ရက်ကန်း လုပ် ငန်းများ အခိုင်အမာရှိသည့် မန္တလေး အမရပူရ တွင်လည်း များစွာတွေ့ရသည်။

 weaving

စက်ရက်ကန်း

ထုတ်လုပ်မှုမှာ ချည်ပေါ်မူတည်ပြီး အရေ အတွက် ကွာခြားမှု ရှိသည်။ ချည်လုံးတုတ်လျှင် (ကြီး)လျှင် မြန်သည်။ ချည်လုံးသေးလျှင် ကြာ တတ်သည်။ ချည်လုံးကြီးဖြင့် ထုတ်လုပ်သည် များက ချည်ကြမ်းလုံချည်များဖြစ်ပြီး ဈေးသက် သာသည်။ ချည်ချောလုံချည်များက အရည် အသွေး ပိုကောင်းသဖြင့် ရက်လုပ်ရသည့်အချိန် ကြာမြင့်ပြီး ဈေးအနည်းငယ် မြင့်သည်။ တစ်နာရီ အကြာတွင်  လုံချည်တစ်ထည်ရသည်။ တစ်ရက် တစ်ဆယ်နာရီ စက်ကို မောင်းထားမည် ဆိုပါက တစ်ဆယ်ထည်ရမည်ဖြစ်သည်။ လုပ်ငန်းချိန်မှာ နံနက် ၇ နာရီမှ ည ၇ နာရီအတွင်း သတ်မှတ် ထားသည်။

ချည်ကုန်ကြမ်းကို မန္တလေး ဈေးချိုမှ ၀ယ်ယူရရှိနိုင်သည်။ စတင်ဝယ်ယူစဉ်က ချည် မှာ အဖြူရောင်ဖြစ်သည်။ မြစ်ကြီးနားတွင် ဆေး ဆိုးသည့် အလုပ်ရုံများ ရှိသည်။ ထိုရုံများတွင် ချည်ထည်ကို လိုအပ်သည့် အရောင်ရရှိစေရန် လက်ခပေးပြီး အပ်နှံရသည်။

ဆးဆိုးသည့်အလုပ်ရုံများမှာ လယ်ကုန်း အနီး ဂေါ်ရခါးရွာတွင် ရှိသည်။ ဆေးဆိုးခအဖြစ် ၃ ပိဿာ ချည်တစ်ထုပ်လျှင် ၂,၅၀၀ ကျပ် ပေး ရသည်။ တရုတ်ပြည်မှ လာသည့် ဆိုးဆေးကို အသုံးပြုကြသည်။ ၃ ပိဿာ ချည်တစ်ထုပ် အတွက် ဆေး ၈,၀၀၀ ကျပ်ဖိုး သုံးရသည်။     လိုအပ်သည့် အရောင်ကို ဆေးဆိုး၍ ခြောက် သွေ့သည်အထိ နေလှန်းပြီးမှ အလုပ်ရုံများသို့ ပြန်လည် အပ်နှံလေ့ရှိကြသည်။

ဆေးဆိုးပြီးသား ချည်ခင်များကို စက်ရက် ကန်းအတွက်ဆိုလျှင် စက်ဖြင့် အပ်ချည်လုံး အတွင်း ထည့်ရသည်။ လက်ရက်ကန်းအတွက် ဆိုလျှင် ဗိုင်းငင်သည့် ကိရိယာဖြင့် ချည်လုံး အတွင်း ထည့်ရသည်။ လုပ်ငန်းစကားအရ ရက်ဖောက်သည် ဟု ခေါ်ကြသည်။ ရက်ဖောက် ပြီးသည်နှင့် အပ်ချည်လုံးကို စက်ရက်ကန်းတွင် ထည့်ကာ   ရက်လုပ်ရခြင်းဖြစ်သည်။

ပထမအဆင့်အနေဖြင့် ပိတ်လုံးဖြစ်ရန် ပြုလုပ် ရသည်။ ပိတ်လုံးဆိုသည်မှာ ဒေါင်လိုက် ပြေး ထားသော ချည်ကြိုးများကို အဓိကထား ရက် လုပ်ထားသည့် ပိတ်စအုပ်ဖြစ်သည်။

ပိတ်လုံး ရပြီဆိုသည်နှင့် လွန်းကလေးများ အလျားလိုက် ပြေးလွှားနေသည့် စက်ရက်ကန်း ပေါ်သို့ တင်ပြီး အမျိုးသားဝတ်လုံချည်ဖြစ်ရန် ရက်လုပ်၍ရပြီ ဖြစ်သည်။ ပုဆိုးတစ်ထည်ချင်း အလိုက် ရက်လုပ်ခြင်း မဟုတ်ဘဲ အထည်များ စွာကို တစ်ပြိုင်တည်း ရစေရန် ပြုလုပ်ရခြင်း ဖြစ်သည်။ အထည်အုပ် လိုက်ရပြီဆိုလျှင် စက် မှ ထုတ်ပြီး ပုဆိုးကွင်း တစ်ကွင်းစာ တိုင်းထွာ ဖြတ်တောက်ပြီး ချုပ်လုပ်ရသည်။ ဈေးကွက် အတွင်း ရောင်းချနေသည့် ပုံစံမျိုး ခေါက်သိမ်း၍ တံဆိပ်ကပ်ကာ အိပ်အချောဖြင့်ထည့်ရသည်။ ပြီးသည့်နောက် ဆိုင်သို့ ပို့ဆောင်ရောင်းချကြရ သည်။ ယခုတင်ပြသွားသည်မှာ စက်ရက်ကန်း ဖြင့် အမျိုးသားဝတ်လုံချည် ရက်လုပ်သည့် ကဏ္ဍဖြစ်သည်။ အမျိုးသမီးဝတ်များမှာ အလှပန်း များ ထိုးခြင်း၊ အကွက်ဖော်ခြင်း၊ ဒီဇိုင်းအမျိုးစုံ မရိုးနိုင်အောင် ရှိသည့်အတွက် စက်ရက်ကန်း ဖြင့် ရက်လုပ်၍ မရပေ။ စက်ရက်ကန်းမှာ ချည် အရောင်ရှိသည့်အတိုင်းသာ အကွက်ဖော်ခြင်း ကွက်စိတ်ကွက်ကြဲ ဒီဇိုင်းပြုလုပ်ခြင်းကိုသာ ပြု လုပ်နိုင်ပေသည်။ ကျောင်းစိမ်း လုံချည်များမှာ စက်ရက်ကန်းဖြင့် ချုပ်လုပ်ထားခြင်းဖြစ်သည်။

 hand

လက်ရက်ကန်း

    

ရက်ကန်းခတ်သည့်အလုပ်မှာ အမျိုးသမီး များအတွက်သာ ထင်ရသော်လည်း ဒေါ်ခန်းရင် အလုပ်ရုံတွင် အမျိုးသားများပါ ၀င်ရောက် လုပ်ကိုင်နေသည်ကို တွေ့ရသည်။ ပြုလုပ်ရ သည့်ပုံစံမှာ ကုန်ကြမ်းချည်ကို ဆေးဆိုးပြီး အခြောက်လှမ်းကာ အလုပ်ရုံသို့ လာရောက် ပို့ဆောင်ပြီးသည်နှင့် လက်ဖြင့် ချည်ငင်သည့် ဗိုင်ငင်ခြင်းကို စတင်ပြုလုပ်ရသည်။ စက်ရက် ကန်းအတွက် စက်ဖြင့် ရက်ဖောက်သလို လက် ရက်ကန်းအတွက် လက်ဖြင့် ရက်ဖောက်ရခြင်း ဖြစ်သည်။ ရက်ဖောက်ထားသည့် ချည်လုံးရ သည်နှင့် ရက်ကန်းခတ်ရသည်။ 

အမျိုးသမီးဝတ် လုံချည်ခတ်ရာတွင် ပန်း ဖော်ရသည့် အပိုင်းသည် အနုစိတ်အကျဆုံးဟု သိရသည်။ အကွက်များ ဖော်ခြင်း၊ ပန်းများ ထည့်သွင်းခြင်း၊ ဒီဇိုင်းဆွဲခြင်းတို့သည် ရက်ကန်း အတွက် အနုပညာအဆန်ဆုံးကဏ္ဍ ဖြစ်သည်။ လုံချည် တစ်ထည်ဈေးမှာ ကျပ် ခုနှစ်ထောင်မှ သည် ကျပ်သိန်းကျော်တန်အထိ ဈေးရှိသည်။ ဈေးနှုန်းကွာခြားမှုမှာ ပန်းကွာခြားခြင်း၊ အသုံးပြု သည့် ချည်သားကွာခြားခြင်းကြောင့်ဖြစ်သည်။ ချည်သားတွင်၂/၂၀၊ ၂/၄၀၊ ၂/၆၀၊ ၂/၈၀၊ နှစ် ၁၀၀ ဟူ၍ရှိပြီး ၂/၁၀၀ ချည်မှာ အကောင်း ဆုံးဖြစ်ကြောင်း သိရသည်။

ချည်ထည်များအပြင် ပို၍ အရည် အသွေး ကောင်း လှပသော ပိုးချည်များကိုလည်း ထည့် သွင်း အသုံးပြုကြသေးသည်။ ပိုးချည်ဖြင့် ထုတ် လုပ်သော ပိုးထည်များမှာ ဈေးကောင်းလွန်းလှ သည်။ မင်္ဂလာဆောင်များ၊ ဧည့်ခံပွဲများ၊ အလှူ မင်္ဂလာပွဲများတွင် ပိုးထည်များကို အသုံးပြု ၀တ်ဆင်ကြသည်။ ပိုးနှင့် ချည်ထည်များကို တွဲဖက်ပြီး ပိုးချည်ထည်များအဖြစ် ဖက်စပ် ထုတ်လုပ်ကြသည်လည်း ရှိသေးသည်။ ၂/၂၀ ချည်မှာ အညံ့စားဖြစ်ပြီး အကြမ်းထည်များ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ ဈေးကွက် အတွင်း ရောင်းတန်းအဖြစ် ရောင်းချနေသော လုံချည်အများစုကို၂/၂၀ ၊ ၂/၄၀ ချည်များဖြင့် ရက်လုပ်ခြင်းဖြစ်သည်။ လုံချည်တစ်ထည် တန် ဖိုးမှာ ကျပ်သုံးထောင်ကျော်၊ လေးထောင် အတွင်း ရှိတတ်သည်။ ချည်သားသက်ရင့်လာ သည်နှင့်အမျှ ဈေးနှုန်းတက်လာသည်။ အလယ် အလတ်တန်းစားဖြစ်သည့် လုံချည် တစ်ထည် ကျပ်ကိုးထောင်၊ တစ်သောင်းတန်များကို ၂/၆၀ ချည်များဖြင့် ရက်လုပ်လေ့ရှိသည်။ ထိုထက် ပိုပြီး ဈေးကောင်းလာပါက ၂/၈၀၊ ၂/၁၀၀ ချည်များကို အသုံးပြုကြရသည်။ လုံချည် တစ်ထည် နှစ်သောင်းကျော်တန် ချည်ထည် များမှာ ၂/၈၀ ဖြင့် ရက်ထားကြောင်းသိရသည်။ ကျပ်ငါးသောင်း၊ တစ်သိန်းတန်သည့် လုံချည် များဆိုလျှင် ပိုးချည်များ၊ ၂/၁၀၀ ချည်များကို သုံးစွဲကြရပြီဖြစ်သည်။

ရက်ကန်းခတ်သည့်အခါ ပုံမှန်အားဖြင့် နှစ်ခါခတ်ပြီး တစ်ခါကောက်ရသည်ဟု သိရ သည်။ တစ်ခါကောက်ဆိုသည်မှာ ပန်းတစ်ခါ ထည့်ခြင်း၊ ဒီဇိုင်းတစ်ခါ သွင်းခြင်းကို ဆိုလို သည်။ ပန်းများစွာ ထည့်လိုလျှင် တစ်ခါခတ် တစ်ခါကောက် ရသည်။ အကောက်နှင့် အခတ် မျှရသည်။ အကွက်နည်း၊ ပန်းနည်းလိုလျှင် အခတ်များပြီး အကောက်နည်းရသည့် သဘော ဖြစ်သည်။

လက်ရက်ကန်း ခတ်ရာတွင် လုံချည် တစ်ကွင်းအတွက်သာ ခတ်ရခြင်းဖြစ်သည်။ ပုဆိုးကဲ့သို့ ဆယ်ကွင်းစာ၊ ကွင်းနှစ်ဆယ်စာ တစ်ပြိုင်တည်း ခတ်၍ မရပေ။ တစ်ကွင်းစာ ပြီးသည်နှင့် ဈေးကွက်တင်ရန် ပုံစံကျခေါက်၊ တံဆိပ်ကပ် အိပ်သွပ်သည်တို့ကို ပြုလုပ်ရ သည်။ ရက်ကန်းခတ်ခတွင် လုပ်သားနှင့် အလုပ်ရှင် တစ်ယောက်ထက်ဝက် အမြတ် ငွေကို ဝေယူသည့်ပုံစံမျိုးဖြစ်စေရန် ခွဲဝေပေး သည်ကို တွေ့ရသည်။ လုပ်သားများမှာ နေထိုင် ခွင့် စားသောက်ခွင့် အခမဲ့ စားရိတ်ငြိမ်း ဖြစ်သည့်အတွက် ရရှိသည့်ငွေမှာ အသားတင် ဖြစ်သောကြောင့် စုဆောင်းမိကြသည်။

 dyehand weave

လုပ်သားများနှင့် ၀င်ငွေအခြေအနေ

မြစ်ကြီးနားသို့ ရွှေဘို၊ ပခုက္ကူ၊ ၀မ်းတွင်း၊ ဆိတ်ခွန်၊ ခင်ဦး၊ အမရပူရဒေသတို့မှ ရက်ကန်း လုပ်ငန်း ကျွမ်းကျင်သူများက အများဆုံးလာ ရောက် လုပ်ကိုင်ကြသည်။ ထိုဒေသတွင် ရက် ကန်းလုပ်ငန်း အများအပြား ရှိသော်လည်း မြစ်ကြီးနား၌ လာရောက်လုပ်ကိုင်ကြ သည်မှာ ဆန်းသည်။ လေ့လာကြည့်ရာ စားရိတ်ငြိမ်း နေထိုင်ခွင့် ရကြပြီး လုပ်ခလည်း ပိုရသဖြင့် မြစ်ကြီးနားသို့ တက်လာကြကြောင်းသိရသည်။ ယင်းတို့ဒေသတွင် လုပ်မည်ဆို ပါက ယခုကဲ့သို့ စရိတ်မငြိမ်းခြင်းနှင့် စုဆောင်းငွေ နည်းပါးခြင်း ကြောင့် အဝေးသို့ စွန့်ကာ လာရကြောင်း သိရ သည်။ လက်ရက်ကန်း နှင့် စက်ရက်ကန်းတို့တွင် လက်သမားက ၀င်ငွေပိုရသည်။ သာမန်လုံချည် တစ်ထည်ကို တစ်ရက်ခတ်ရသည်။ ၀င်ငွေမှာ တစ်ရက် ဆယ်ထည်ရသော ပုဆိုးသမားထက် ပိုရသည်။ ပုဆိုးသမားက တစ်ရက် ဆယ်ထည် ကျလျှင် တစ်ထည် ကျပ်သုံးရာနှုန်းဖြင့် ကျပ်သုံး ထောင် ရမည်။ စက်နှစ်လုံး တာဝန်ယူ ရသော ကြောင့် ကျပ်ခြောက်ထောင် ရမည်ဖြစ်သည်။ သို့သော် စက်ဖြစ်သည့်အတွက် ချည်ပြတ်ခြင်း၊ စက်ချို့ယွင်းမှုဖြစ်ခြင်း၊ မီးပျက်ခြင်း တို့ကြောင့် အထည် အကျနည်းတတ်သည်။ လက်ရက်ကန်းမှာ လူက ကိုယ်တိုင် ရက်ခတ်သည့် အတွက် ပုံမှန်အတိုင်း ရရှိသည့် အထည်မှာ တိကျသည်။ ထို့အတွက် လက်ရက်ကန်းသမား ၀င်ငွေမှာ ငြိမ်သည်ဟု ဆိုရမည်။ ကျပ်ခုနှစ် ထောင်တန် လုံချည်ရက်မည်ဆိုလျှင် တစ်ရက် တွင် နှစ်ထည်ပြီးသည်ဟု သိရသည်။ ရက် လုပ်သည့် အထည်တန်ဖိုး၏ ထက်ဝက်ကို လုပ်သားမှ ခံစားခွင့်ရှိသည်ဟု သတ်မှတ်ထား သောကြောင့်  ကျပ်နှစ်သောင်းတန် လုံချည် အတွက် လုပ်အားခငွေ ကျပ်တစ်သောင်းကျပ် ရရှိမည်ဖြစ်သည်။ ကျပ်တစ်သိန်းတန် လုံချည် ကို ရက်လုပ်လျှင် ထိုသဘောတရားအတိုင်း လုပ်အားခ ကျပ်ငါးသောင်းရသည်။ သို့သော် ကျပ်တစ်သောင်းတန်လုံချည်ကို ရက်လုပ်သည့် အချိန်ကာလ ပညာပိုင်းနှင့် ကျပ်တစ်သိန်းတန် လုံချည်ကို ဖန်တီးရသည့် အနုပညာပိုင်းမှာ များစွာ ကွာခြားပါသည်။ အချိန်အားဖြင့် ကျပ် တစ်သောင်းတန် လုံချည်တစ်ထည်ကို တစ်ရက် အချိန်ပေးရသော်လည်း ကျပ်တစ်သိန်းတန် အတွက် တစ်ပတ်မှ တစ်ဆယ်ရက်အတွင်း ကြာမြင့်တတ်သည်ကို တွေ့ရသည်။

ဒေါ်ခန်းရင် အထည်ဆိုင်ပင်ရင်း

လယ်ကုန်းရပ်အတွင်းမှ ရက်ကန်းရုံများ သို့ သွားရောက်လေ့လာခဲ့ပြီး၍ မြစ်ကြီးနားမြို့ သို့ အပြန်တွင် ချည်ထည်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါ်ခန်းရင်ထံသို့ ၀င်ရောက် တွေ့ဆုံ ဖြစ်ခဲ့ပါသည်။

ယခု အသက်အရွယ်ရနေပြီ ဖြစ်သော ကြောင့်  မြစ်ကြီးနားမြို့တွင် နေထိုင်လျက်ရှိ သည်။ ကျန်းမာစွာ ရှိနေသေးပြီး သူမ၏ အလုပ်ရုံသို့ လာရောက်လေ့လာသည့်အတွက် ကျေးဇူးတင်စကား ပြောပါသေးသည်။ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ခဲ့လျှင်ဖြင့် ရိုးရာဝတ်စုံများကို ရောင်းချဖြန့်ဖြူးနေသည့် အထည်ဆိုင်များတွင် ၀င်ရောက်အားပေးနိုင် သကဲ့သို့  ရက်ကန်းအလုပ်ရုံများ ရှိသည့် လယ်ကုန်း ရပ်ကွက်သို့လည်း သွားရောက် လေ့လာနိုင်ပါကြောင်း လမ်းညွှန်ရေးသား နိဂုံးချုပ် အပ်ပါသည်။

 Daw khan yin weaving

ရင်းမြစ်။ မြစ်ကြီးနားမြို့မှ ရက်ကန်းရုံ - လှမင်းနိုင်

 

 

Read 2396 times
Rate this item
(0 votes)