What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘေဘီလေးတွေရဲ့ အရေပြားနဲ့ သင့်တော်မယ့် ပိတ်စ(၇)မျိုး

ကလေးမေမေ၊ ဖေဖေတွေက ကိုယ့်ရဲ့ကလေးငယ်လေးတွေ ဘေးကင်းစေဖို့ အစားအသောက်ကစလို့ အသုံးအဆောင်တွေအထိ သေချာဂရုစိုက်ရပါတယ်။ အဲဒီလိုဂရုစိုက်တဲ့အထဲမှာ မဖြစ်မနေအရေးတကြီးလုပ်ပေးသင့်တာက ဘေဘီလေးတို့အတွက် အဝတ်အစားရွေးချယ်တဲ့အပိုင်းပါ။ 

အဝတ်အစားရွေးချယ်တဲ့အခါ အမြင်လှဖို့ထက် ကလေးအတွက် သက်သောင့်သက်သာဖြစ်စေပြီး ကလေးအသားအရေကို ထိခိုက်မှုမရှိနိုင်တဲ့ ပိတ်စမျိုးကို အဓိကထားရွေးချယ်ဖို့ လိုပါမယ်။

ဘေဘီလေးတွေရဲ့ အရေပြားက နုနုနယ်နယ်လေးတွေမို့ အရွေးမမှားရအောင် သူတို့လေးတွေနဲ့ သင့်တော်မယ့် ပိတ်စ(၇)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ချည်သား

ချည်သားကတော့ ဘေဘီလေးတွေနဲ့ အသင့်တော်ဆုံးဖြစ်မှာပါ။ ချည်သားက နူးညံ့ပြီး အေးမြသလို ချွေးစုပ်ယူမှုအားလည်းကောင်းတာကြောင့် ထိခိုက်လွယ်တဲ့ဘေဘီလေးတွေရဲ့ အသားအရေနဲ့ ကွက်တိပါပဲ။ 

အသားအရေကို ထိခိုက်ပွန်းပဲ့မှုကင်းစေပြီး အပူအအေးမျှတနေစေမှာပါ။ ဒါပေမယ့် ဘေဘီလေးတွေကို ချည်သားဝတ်ဆင်ပေးမယ်ဆိုရင် အရင်ဆုံးလျှော်ဖွတ်ပြီးမှ ဝတ်ဆင်ပေးဖို့ မမေ့ပါနဲ့။

၂။ ချည်သားနဲ့ ပိုလီယက်စတာ (Polyester) ရောစပ်ထားတဲ့ အထည်

ဒီပိတ်စအမျိုးအစားက ခြောက်သွေ့မြန်သလို၊ တွန့်ကြေခဲပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက ကလေးတွေ အဝတ်အထည်အတွက် အသုံးများတဲ့ ချည်သားစစ်စစ်လောက်လည်း စရိတ်စကမကြီးပါဘူး။ 

အလုပ်များတဲ့ မေမေဖေဖေတို့အတွက် ရွေးချယ်သင့်တဲ့ ပိတ်စတစ်မျိုးပါ။ ဘေဘီလေးတွေရဲ့ အရေပြားကို ထိခိုက်မှုမရှိစေတဲ့အပြင် နေရထိုင်ရတာလည်း သက်သောင့်သက်သာဖြစ်စေမှာပါ။

၃။ ချည်သားနဲ့ စပန်ဒတ် (Spandex) ရောစပ်ထားတဲ့ အထည်

ကျုံ့နိုင်ဆန့်နိုင်တာကြောင့် ကလေးငယ်က လူးလွန့်လှုပ်ရှားတဲ့အခါ အဆင်ပြေပြေ ဖြစ်စေမှာပါ။ အသားကလည်း မကြမ်းတာကြောင့် အရေပြားထိခိုက်မှုရှိမှာကို မစိုးရိမ်ရပါဘူး။ 

ကလေးကိုနွေးထွေးမှုရရှိစေခြင်းကြောင့် ဘေဘီလေးတွေအတွက် သင့်တော်တဲ့ ပိတ်စတွေထဲက တစ်မျိုးလို့ဆိုပါရစေ။

၄။ မွေးပွအထည်

ကလေးငယ်လေးတွေရဲ့ အနွေးထည်တွေအဖြစ် မြင်ရများနိုင်ပါတယ်။ ရာသီမရွေး ဝတ်ဆင်ပေးလို့ရပြီး ကလေးတွေကို အအေးဒဏ်ကနေ အကာအကွယ်ပေးနိုင်မှာပါ။ 

လျှော်ဖွတ်တဲ့အခါမှာလည်း အခြောက်မြန်တာကြောင့် ကလေးအတွက်ရော လူကြီးတွေအတွက်ပါ အဆင်ပြေစေမယ့် အထည်သားတစ်မျိုးပါ။

၅။ သိုးမွေးထည်

ဒါကတော့ အထက်တန်းဆန်တဲ့ ကလေးအသုံးအဆောင်တစ်ခုပါ။ အချုပ်အလုပ်ကျွမ်းကျင်တဲ့ မေမေတို့ကတော့ မွေးမလာသေးတဲ့ ဘေဘီလေးတွေအတွက် ကိုယ်တိုင် သိုးမွေးထိုးချုပ်လုပ်ပေးတာမျိုးတွေ ရှိပါတယ်။ 

သိုးမွေးက နူးညံ့တာကြောင့် ဘေဘီလေးတွေကို အသားအရေထိခိုက်မှုမရှိစေဘဲ နွေးထွေးမှုအပြည့်အဝပေးနိုင်မှာပါ။

၆။ ဖလန်ထည်

ဖလန်ထည်သားကတော့ နူးညံ့ပြီး နွေးထွေးမှုရှိစေနိုင်တဲ့ ပိတ်စတစ်မျိုးပါ။ မိုးရာသီလိုမျိုး အချိန်တွေမှာ လျှော်ရဖွတ်ရလွယ်သလို ဘေဘီလေးတွေကို မိုးတွင်းရဲ့ အအေးဒဏ်ကနေ အကာအကွယ်ပေးနိုင်မှာပါ။ 

အဆင်လှလှလေးနဲ့ ဖလန်ထည်လေးဝတ်ဆင်ပေးပြီး အရေပြားပြဿနာကင်းစင်တဲ့ ချစ်စဖွယ်ဘေဘီလေးတစ်ယောက်ဖြစ်အောင် လုပ်ပေးလိုက်ပါ။

၇။ ဝါးချည်

ဒီအသားကတော့ အပူအအေးကို ထိန်းညှိပေးနိုင်ပြီး ကလေးရဲ့ အသားအရေကို ထိခိုက်မှုမရှိလောက်အောင်ကို နူးညံ့တာပါ။ မွေးကင်းစဘေဘီလေးတွေအတွက် စိတ်ချရတဲ့ အထည်တစ်မျိုးပေါ့။

နောက်ဆုံးအနေနဲ့ သတိပေးချင်တာတစ်ခုကတော့ ကလေးအသားအရေနဲ့ ဘယ်လောက်သင့်တော်တဲ့ ပိတ်စမျိုး၊ အထည်မျိုးပဲဖြစ်ဖြစ် ကလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ မဝတ်ဆင်ပေးခင် အရင်ဆုံး လျှော်ဖွတ်လိုက်ပါ။ ဒါမှသာ အဝတ်အထည်ပေါ်မှာ အသုံးပြုထားတဲ့ တာရှည်ခံဆေးတွေနဲ့ ပိုးသတ်ဆေးတွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ကလေးအဝတ်အထည်တွေကို လျှော်တဲ့အခါ လူကြီးတွေအဝတ်အစားတွေနဲ့ ရောလျှော်တာမျိုး မလုပ်ပါနဲ့။ ဆပ်ပြာမှုန့်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေက ကလေးအရေပြားကို ထိခိုက်နိုင်တာကြောင့်ပါ။
Helloဆရာဝန်

Read 3045 times
Rate this item
(0 votes)