What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလုပ်အင်တာဗျူးဖြေဖို့ သွားရင် အလုပ်ရနိုင်ခြေများဖို့ ဘယ်လိုဝတ်စားရမလဲ?

အလုပ်အင်တာဗျူးတစ်ခုမှာ အင်တာဗျူးအောင်ဖို့ ခက်ခက်ခဲခဲ မေးခွန်းတွေကို ဖြေနိုင်ဖို့ ပြင်ဆင်ရသလို အင်တာဗျူးမယ့်သူက မိမိကိုအထင်ကြီးအောင် ဘယ်လိုဝတ်စားသွားရမလဲဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ အကောင်းစားအဝတ်အစားတွေ ဝတ်ဆင်ထားတိုင်းလည်း အင်တာဗျူးမေးသူက သင့်ကို အထင်ကြီးချင်မှကြီးမှာပါ။

အင်တာဗျူးတစ်ခုမှာ first impression လို့ခေါ်တဲ့ အခန်းထဲဝင်လာလာချင်းမှာ သင့်ကို အကဲဖြတ်မယ့်အမြင်ဟာ အလွန်အရေးကြီးပါတယ်။လေ့လာချက်များအရ အင်တာဗျုးသူတစ်ယောက်ဟာ တွေ့ဆုံမှု ပထမ စက္ကန့်၃၀အတွင်းမှာ အင်တာဗျူးလာဖြေသူရဲ့ အသွင်အပြင်ကိုကြည့်ပြီး ရွေးချယ်သင့်/မသင့်ကို ဆုံးဖြတ်တတ်ကြပါတယ်။ ဒါကြောင့် အင်တာဗျူးဖြေတဲ့အခါ အလုပ်ရနိုင်ခြေများဖို့ အဝတ်အစားပိုင်းကို သေချာဂရုစိုက် ပြင်ဆင်သင့်ပါတယ်။ အဝတ်အစားဆင်ယင်မှုအပိုင်းနဲ့ ပတ်သတ်ပြီး သတိထားရမယ့် ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) လုပ်ငန်းနဲ့ကိုက်ညီမယ့် အဝတ်အစားရွေးချယ်ခြင်း

အရေးကြီးဆုံးက အင်တာဗျူးဖြေမယ့် လုပ်ငန်းနဲ့ကိုက်ညီမယ့် အဝတ်အစားကို ရွေးချယ်ဝတ်ဆင်တတ်ဖို့ လိုပါတယ်။ ဥပမာ- သင်အလုပ်လျှောက်မယ့် ကုမ္ပဏီက ဥပဒေအကြံပေးအေဂျင်စီဆိုရင် မြန်မာဝတ်စုံ (သို့) အနောက်တိုင်းဝတ်စုံနဲ့ သပ်သပ်ရပ်ရပ်ဝတ်ဆင်သွားသင့်ပြီး နည်းပညာကုမ္ပဏီဆိုရင်တော့ အရမ်းကြီး formal ကျတဲ့ အဝတ်အစားတွေ ဝတ်ဖို့မလိုဘဲ ပေါ့ပေါ့ပါးပါး ဝတ်ဆင်သွားနိုင်ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ရင် ဝတ်သလို အရမ်းလူငယ်ဆန်တဲ့ ဖက်ရှင်မျိုးကိုတော့ မဝတ်ဆင်သင့်ပါဘူး။

(၂) အဝတ်အစားအရောင် ရွေးချယ်မှု

CareerBuilder နဲ့ Harris Interactive တို့သည် HR မန်နေဂျာတွေနဲ့ ဝန်ထမ်းရွေးချယ်ရေးမှ တာဝန်ရှိသူတို့ကို မေးခွန်းတစ်ခု မေးပြီး စစ်တမ်းကောက်ခဲ့ပါတယ်။ အဲဒီမေးခွန်းကတော့ “အလုပ်အင်တာဗျူးတစ်ခုမှာ ဘယ်အရောင် ဝတ်လာတာအကောင်းဆုံးလဲ” ဆိုတဲ့ မေးခွန်းပါပဲ။ စစ်တမ်းအရတော့ အပြာရောင်ဟာ အင်တာဗျူးမယ့်သူတွေ အကြိုက်ဆုံးအရောင် ဖြစ်ပြီး လိမ္မော်ရောင် တောက်တောက်ကြီးကတော့ လူကြိုက်အနည်းဆုံးအရောင် ဖြစ်ပါတယ်။ ကိုယ်ဝတ်သွားတဲ့အရောင်က team spirit (အဖွဲ့လိုက်အလုပ်လုပ်တတ်သူ) လို့ ဖော်ပြနေလား? တီထွင်ဖန်တီးနိုင်စွမ်းကောင်းသူလို့ ဖော်ပြနေလား? စသဖြင့် သိနိုင်ပါတယ်။

(၃) သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစားမျိုးကို ရွေးချယ်ပါ။

သင်ဝတ်မယ့် အဝတ်အစားက branded ဖြစ်စရာမလိုသလို အသစ်ဝယ်စရာလည်း မလိုပါဘူး။ အဓိကက သင့်မှာရှိပြီးသားအဝတ်ထဲမှ သပ်သပ်ရပ်ရပ်နဲ့ သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်နိုင်ရင် လုံလောက်ပါပြီ။ သင့်ရဲ့ နေ့စဉ်ဘ၀မှာ မဆင်ယင်ဖူးတဲ့ ဆံပင်ပုံစံ နဲ့ မိတ်ကပ်ကိုလည်း မရွေးချယ်မိပါစေနဲ့။ ဒါ့ပြင် Accessories တွေ ဝတ်ဆင်တဲ့အခါမှာလည်း အမြင်ရှုပ်လောက်အောင် နှစ်ခုထက်ပိုပြီး မဝတ်ဆင်သင့်ပါဘူး။ ဥပမာ - သင့်ရဲ့ လက်ကောက်ဝတ်မှာ နာရီပတ်ပြီးတဲ့အခါ Fancy လက်ကောက်တွေ ထပ်မဝတ်သင့်တော့ပါဘူး။

(၄) ကြိုတင်ပြင်ဆင်ပါ။

နောက်နေ့ အင်တာဗျူးသွားဖြေရတော့မယ်ဆိုရင် ဒီနေ့ညမှာပဲ သင်ရွေးထားတဲ့ အ၀တ်အစားတွေကို အစမ်းဝတ်ကြည့်ပါ။ ကျပ်လွန်းချောင်လွန်းနေတာမျိုးရှိရင် အချိန်မီ ပြင်ဆင်ပါ။ အဆင်ပြေပြီဆို မီးပူတိုက်ပြီး အသင့်ပြင်ထားပါ။ တကယ်တမ်းသွားခါနီးမှ အဝတ်အစားရှာမရတာမျိုး၊ အဆင်မပြေတာမျိုး မဖြစ်ရအောင်ပါ။ အင်တာဗျူးဆီအသွားလမ်းမှာလည်း အစွန်းအထင်းဖြစ်စေမယ့် အစားအသောက်တွေ စားခြင်းမှ ရှောင်ပါ။ လမ်းမှာ မတော်တဆ အင်္ကျီပေါ်ဖိတ်မိရင် စွန်းထင်းကုန်ပြီး ဖျက်ရခက်တတ်ပါတယ်။

(၅) သင်လျှောက်မယ့် ကုမ္ပဏီရဲ့ဝတ်စားဆင်ယင်ပုံကို လေ့လာပါ။

အင်တာဗျူးမသွားခင် သင်အလုပ်လျှောက်မယ့် ကုမ္ပဏီမှ ဝန်ထမ်းတွေ ဘယ်လိုဝတ်စားလဲဆိုတာ စုံစမ်းလေ့လာပါ။ ဥပမာ - Uniform ဝတ်ရလား/မဝတ်ရဘူးလား? Uniform ဝတ်ရရင်ရော မြန်မာဝတ်စုံလား? အနောက်တိုင်းဝတ်စုံလား? စတာတွေကို တွက်ဆရပါမယ်။ သင့်ရဲ့ ဝတ်စားဆင်ယင်မှုက အခြားဝန်ထမ်းတွေနဲ့ အရမ်းကွာခြားနေပါက အလုပ်ရှင်က သင့်ကို အလုပ်မခန့်ဖို့ ဆုံးဖြတ်ချက်ချနိုင်ပါတယ်။

Read 547 times
Rate this item
(0 votes)