What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ် ဖက်ရှင် brand များ ကမ္ဘာမှာ နေရာယူနိုင်မလား

တရုတ်ဖက်ရှင် အမှတ်တံဆိပ်တွေက အနောက်တိုင်းကို အတုမြင်အတတ်သင် လုပ်ပြီး တုပနေတာတွေ၊ အတုယူနေတာတွေ ရပ်လိုက်ဖို့ လိုတယ်။ အဲဒီလို ရပ်ပစ်ပြီး ကိုယ်ပိုင်ဇာတ်ခင်းဖို့ လိုတယ်လို့ brand ကျွမ်းကျင်သူတွေက သုံးသပ်ထားကြတယ်။ ပြီးတော့ သက်သောင့်သက်သာဖြင့် လုပ်ကိုင်နေတဲ့ ပြည်တွင်းဈေးကွက်ကြီးရဲ့ အပြင်ဘက်ကို ရွက်လွှင့်ဖို့လည်း လိုတယ်လို့ သုံးသပ်ကြတယ်။

ကမ္ဘာ့အဝတ်အစားတွေကို တရုတ်ပြည်မှာ ဝယ်ဝတ်ကြတယ်။ တရုတ်ပြည်မှာ ကမ္ဘာ့ brand တွေ လာရောက် ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်ထဲ ဖြည့်တာလည်း ရှိတယ်။ ပို့ကုန်အဖြစ် ပြန်သယ်သွားတာတွေလည်း ရှိတယ်။ တရုတ်ပြည်တွင်း brand တွေမှာ အကြီးအကျယ် အောင်မြင်နေတာတွေလည်း ရှိပေမဲ့ အနောက်တိုင်း ဈေးကွက်ထဲမှ ဈေးဝယ်နေကြသူတွေက တရုတ် ဖက်ရှင် brand တစ်ခုလောက် ပြောပြဖို့ အတော်ခက်နေတယ်။ တရုတ် ဖက်ရှင် brand တွေက အမည်ပျောက် ဖြစ်နေတယ်။ အညတြ ဖြစ်နေကြတယ်။

အမေရိကန်နိုင်ငံ စန်ဖရန်စစ္စကိုမြို့နဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တို့မှာ တစ်လှည့်စီ နေထိုင်တဲ့ ရှောင်ဖန်ဂူက ဖက်ရှင်ထည် ဈေးကွက်ရှာဖွေရေး ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။

ကမ္ဘာ့ ဖက်ရှင်စင်မြင့်ပေါ်မှာ တရုတ်ဖက်ရှင်ဒီဇိုင်းသမားတွေ ကင်းမဲ့နေတာဟာ မိမိဘာသာ အားရကျေနပ်နေကြတယ်။ ယဉ်ကျေးမှု အတားအဆီးတွေကလည်း မြင့်မားနေတာကြောင့်လို့ သူက ဆိုတယ်။
“တရုတ်ပြည်တွင်း ဈေးကွက်က အကြီးကြီးမျ အကြိးကြီးဆိုတော့ brand အများအပြားအဖို့ ပြည်တွင်းဈေးကွက် ရောင်းအားနဲ့တင် လုံလောက်နေပြီ။ အပြင်ထွက်ပြီး ကမ္ဘာ့ဈေးကွက်ထဲ ချဲ့ထွင်ဖို့ မလိုတော့ဘူး” လို့ သူက သုံးသပ်တယ်။
“အနောက်တိုင်း ပရိသတ်ကို ဈေးကွက်တင်ရတာက နောက်ထပ် စိန်ခေါ်မှု တစ်မျိုးပါ။ အဓိကကျတဲ့ ဖက်ရှင်သီတင်းပတ် နိုင်ငံတကာ ဖက်ရှင်ပွဲတွေမှာ စင်မြင့်ပွဲတွေကို တရုတ် brand တွေ ပြသကြတာ ကျွန်တော် ကြည့်ဖူးပါတယ်။ သူတို့မှာ လက်မှုအနုပညာ အံ့ဩရလောက်အောင် ကောင်းကြတယ်။ ကြံဆဖန်တီးတာလည်း ကောင်းကြတယ်။ ဒါပေမဲ့ သူတို့လက်ရာတွေမှာ ကိုယ်ပိုင်ဇာတ်လမ်းပြောပြတာ မပါဘူး။ နိုင်ငံတကာ ပရိသတ်ကို ယဉ်ကျေးမှုဆိုင်ရာ ကိုးကားချက်တွေနဲ့ လက်မှုအတတ်ပညာကို နားလည်သဘောပေါက်အောင် ကူညီပေးနိုင်တာဟာ ခင်ဗျားလက်ရာ အောင်မြင်ဖို့အတွက် ပထမခြေလှမ်းပဲ” လို့ သူက ပြောပြတယ်။

တရုတ်ဖက်ရှင် အမှတ်တံဆိပ်တွေကို ဝန်ဆောင်မှုတွေ ပေးနေတဲ့ V/COLLECTIVE Ltd. ရဲ့ စီအီးအို ဖြစ်သူ Vito Plantamura က ဂျပန်၊ ကိုရီးယားနဲ့ ဂျော်ဂျီယာရဲ့ တံဆိပ်တွေက ဥရောပမှ မွေးဖွားပြီး ခေတ်ထနေတဲ့ ရေစီးကြောင်းကို ရယူပြီး အသစ်တစ်ခု စိတ်လှုပ်ရှားတစ်ခု ဖြစ်တဲ့ဟာကို လုပ်ကိုင်နိုင်စွမ်း ရှိကြတယ်လို့ သူက ထောက်ပြတယ်။
“ကျွန်တော် တွေ့ဆုံဖူးတဲ့ တရုတ်ဖက်ရှင်ဒီဇိုင်းသမားတွေက အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ပညာသင်ခဲ့ကြတယ်။ နည်းပညာပိုင်း ပိုင်နိုင်ကြတယ်။ ဒါပေမဲ့ သူတို့မှာ အားကောင်းသန်မာတဲ့ တရုတ်ပင်ကို မရှိကြဘူး။ ဒီတော့ သူတို့က ပင်မရေစီးကြောင်းကို နည်းပညာအခြေခံထားတဲ့ အမြင်နဲ့ ကြည့်ပြီး နောက်ကနေ လိုက်လုပ်တယ်။ သူတို့ လုပ်တာ အတော်ကောင်းတယ်။ ဒါပေမဲ့ ပင်ကို တို့ထိပေးထားတာ မပါဘူး ဖြစ်နေတယ်။ ကိုယ့် ယဉ်ကျေးမှု၊ ကိုယ့် မူရင်းမူလကို ကိုယ့်လက်ရာထဲ ပါအောင် လုပ်ဖို့ လိုနေတယ်”
လို့ သူက သုံးသပ်တယ်။

brand တစ်ခုက မျိုးတူလုပ်ကိုင်နေတဲ့ တခြား brand တွေနဲ့ ကွဲပြားဖို့အတွက် ထူးခြားချက်တွေ ရှိနေဖို့ လိုလိမ့်မယ်။ ပင်ကို ရှိဖို့ လိုတယ်။ တရုတ်ဖက်ရှင်ဆိုတာ မြင်လိုက်တာနဲ့ သိဖို့ တရုတ်ယဉ်ကျေးမှု တရုတ်မူလ ပါနေဖို့ လိုတယ်။ brand တိုင်းမှာ ပင်ကိုဂုဏ်သတ္တိ ရှိနေရမယ်။ အဲဒီလို မရှိတဲ့အတွက် တရုတ်ဖက်ရှင်တွေက အထက်တန်းစား စည်းစိမ်ပြ ဖက်ရှင် အတန်းအစားထဲမှာ လူရာမဝင်ဘူး ဖြစ်နေတယ်။

ပြည်တွင်းမှာ အထက်တန်းဖက်ရှင်ထည်တွေ ဝယ်ကြတဲ့သူတွေက ပါရီ၊ လန်ဒန်နဲ့ မီလန်တို့မှ brand တွေကို မြတ်နိုးကြတယ်။ တရုတ်ပြည်တွင်းဖြစ် အထက်တန်းစား brand တွေကို အားပေးတဲ့သူ နည်းပါးနေတယ်။ အဝယ်လိုက်လာဖို့ဆိုတာက တရုတ်ပြည်တွင်းဖြစ် အထက်တန်းစား brand က နိုင်ငံတကာဈေးကွက်ထဲမှ အထက်တန်းစားဖက်ရှင် နယ်ပယ်မှာ အဆင့်အတန်း နေရာတစ်ခုကို ခိုင်ခိုင်မာမာ ရအောင် လုပ်ပြီး မှတ်ကျောက်တင်ပြဖို့ လိုတယ်။ အထက်တန်းစား brand တွေ ရေရှည်တည်တံ့နေကြတာဟာ မှတ်ကျောက် အကြိမ်ကြိမ် အတင်ခံထားလို့ ဝယ်ယူသူတွေက brand အတွက် ဈေးကြီးနေတာဖြစ်ပေမဲ့ ဝယ်ကြတယ်။

Read 1257 times
Rate this item
(0 votes)