What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အာခါလူမျိုးတို့၏ဂျပ်ခုတ်ရက်လုပ်ခြင်း

        တိုင်းရင်းသားလူမျိုးနွယ်ပေါင်းများစွာ မှီတင်းနေထိုင်ကြသည့် အမိမြန်မာပြည်ကြီးတွင် အာခါလူမျိုးစုသည်လည်း အထင်အရှားပါဝင်လျက်ရှိသည်။

ကိုယ်ပိုင်ရိုးရာ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတို့ဖြင့် ရပ်တည်နေထိုင်ကြသည်။ မြန်မာနွယ်ဖွား တိုင်းရင်းသားအာခါတို့ကို ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အများဆုံးတွေ့ရှိကြသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရိုးရာငွေထည်လုပ်ငန်းလုပ်ကိုင်ကာ အသက်မွေးကြသည်။ ဝတ်စားဆင်ယင်မှုအတွက် အစဉ်အဆက် ဆင်းသက်လာသော အထည်ရက်လုပ်ခြင်းအတတ်ပညာဖြင့် ကိုယ်တိုင်ချုပ်လုပ်ဝတ်ဆင်ကြသည်။ ဒေသအခေါ် အားဖြင့် ဂျပ်ခုတ်ရက်လုပ်ခြင်းဟု ခေါ်ကြသည်။ ယင်းပညာရပ်ကို ရိုးရာအမွေအနှစ်အဖြစ် အစဉ်အဆက် ထိန်းသိမ်း လုပ်ကိုင်လာကြသည်ကို တွေ့ရသည်။

        နှစ်ကာလပေါင်းများစွာကုန်လွန်လာကာ  ယနေ့ခေတ်တွင် အစစအရာရာတိုးတက်လာပြီး လက်မှုမှ စက်မှုသို့ အလျင်အမြန်ပြောင်းလဲလာကြချိန်၌ ရိုးရာဂျပ်ခုတ်လုပ်ငန်း တိမ်မြုပ်လုနီးပါးဖြစ်လာရသည်။ အချို့လူငယ်များက ပျောက်ပျက်မသွားစေရန် လက်ဆင့်ကမ်းသင်ယူထားကြသည်။ အချို့က မျက်ကွယ်မပြုချင်သော်လည်း ခေတ် အခြေအနေကြောင့် ရိုးရာလုပ်ငန်းကို နောက်ချန်ထားခဲ့ကြရသည်။ ယခင်က ကျိုင်းတုံမြို့ အမှတ် (၄) ရပ်ကွက် ဒွိုက်နောရွာတွင် ရွာလုံးကျွတ် ဂျပ်ခုတ်လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါ လက်ဆယ်ချောင်းပင်မပြည့်တော့သည် အထိ လျော့ပါးခဲ့ရပြီဖြစ်သည်။

        သို့သော် အိမ်တိုင်းလိုလိုတွင် မိဘဘိုးဘွားများ လက်ထက်က  လုပ်ကိုင်ခဲ့သော   ဂျပ်ခုတ် ရက်ကန်းစင်ကို တွေ့မြင်ရသေးသည်။ အာခါ တိုင်းရင်းသားများနေကြသည့် ကျန်သည့် ဒေသ၊ ရပ်ရွာများတွင်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။   လုပ်ကိုင်သူနည်းလာသကဲ့သို့ ရိုးရာထည်ရောင်းသော အရောင်းဆိုင် အရေ အတွက်လည်း နည်းပါးလျော့ကျလာနေသည် ကို တွေ့ရသည်။

        ရိုးရာထည်၏ မရှိမဖြစ်ကုန်ကြမ်းမှာ ချည်နှင့် ဆိုးဆေးတို့ဖြစ်သည်။ ယခုခေတ်တွင် ဆိုးဆေးကို ရောင်စုံရရှိနိုင်သော်လည်း ယခင် က  မြန်ပင်ဟုခေါ်သည့်   အပင်တစ်မျိုးကို ဆိုးဆေးအဖြစ်  ထုတ်လုပ်သုံးစွဲကြရသည်။ ဆိုးဆေးအမှုန့်နှင့် ချည်ထည်များကို ကျိုင်းတုံ မြို့မဈေးတွင် ဝယ်ယူရရှိနိုင်သည်။ မြန်ပင်ကို ခြံဝင်းအတွင်း    အလွယ်တကူစိုက်ပျိုးနိုင်ပြီး မြန်ရွက်ကို အခြောက်လှန်း အဆီထုတ်ကာ အထည်ကို     အရောင်တင်ခြင်းဖြစ်သည်။ မြန်ရွက်အဆီနှင့် ဆိုးဆေးကိုရောကာ အသုံး ပြုကြခြင်းလည်းရှိသည်။ အထည်ရက်လုပ် သည့်  ဂျပ်ခုတ်စင်မှာ  မြန်မာရက်ကန်းနှင့် ဆင်သော်လည်း အာခါရိုးရာမှာ ခြေထောက် ဖြင့်နင်းပြီး လုပ်ကိုင်ရခြင်းဖြစ်သည်။ မြန်မာ ရက်ကန်းကဲ့သို့ အရောင်များ တစ်ပါတည်း ထည့်သွင်းခြင်းမဟုတ်ဘဲ     အဖြူရောင် ချည်ထည်တစ်မျိုးတည်းကိုသာ ပိတ်စအဖြစ်သို့ ရောက်အောင်   လုပ်ကိုင်ရက်လုပ်ခြင်းဖြစ် သည်။ ရရှိသောပိတ်စများအား အရောင်တင် ပြီးမှ ပန်းများ၊ ဒီဇိုင်းများကို လက်ချုပ်အပ်ဖြင့် အသေးစိတ်ထပ်မံချုပ်လုပ်ရသည်။   ရိုးရာ အထည်ပြုလုပ်ရန် အစအဆုံးကြာမြင့်ချိန်မှာ အနည်းဆုံး ရက် ၃ဝ မှ အများဆုံး ရက် ၅ဝ အထိ ကြာမြင့်သည်ဟု သိရသည်။

        ပြုလုပ်ကြသည့်အထည်များမှာ  အများ အားဖြင့် အင်္ကျီ၊ ဘောင်းဘီ၊ စကတ်၊ ခြုံစောင်၊ စားပွဲခင်းနှင့်    လွယ်အိတ်တို့ဖြစ်ကြသည်။ စီးပွားဖြစ်ပြုလုပ်ရန် အဆင်မပြေသောကြောင့် ဂျပ်ခုတ်ထုတ်လုပ်ခြင်းကို ပြင်ပမှ အလုပ်သမား ငှားရမ်းလုပ်ကိုင်ကြခြင်းမရှိဘဲ    မိသားစု တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းလုပ်ကိုင်ကြသည်ကို တွေ့မြင်ရသည်။   တောင်ယာနှင့်   အခြား လုပ်ငန်းများ လုပ်ကိုင်နေကြရသဖြင့် အားလပ် ချိန်မှသာ အပိုဝင်ငွေရရှိရန် ရိုးရာထည်ပြုလုပ် ကြခြင်းဖြစ်သည်။    ပြုလုပ်ရာ၌   ဒီဇိုင်းကို ထိုင်းနှင့်  တရုတ်အကြိုက် အများဆုံးပြုလုပ် ကြသည်။  အကြောင်းမှာ  ဂျပ်ခုတ်ထည်ကို တရုတ်၊  ထိုင်းနိုင်ငံများသို့   ကိုယ်စားလှယ် များမှတစ်ဆင့်    ပို့ဆောင်ရောင်းချနိုင်ပြီး အလည်အပတ်လာရောက်ကြသော နိုင်ငံခြား သားများနှင့်  အိမ်နီးချင်းဧည့်သည်များက လည်း ဝတ်ဆင်ရန်ဝယ်ယူကြသည်။ အင်္ကျီတို၊ အင်္ကျီရှည်၊ စကတ်နှင့် ဘောင်းဘီရှည်သည် လူကြိုက်များသည်။ ခြုံစောင်မှာ လှပသော ပန်းကွက်ဒီဇိုင်းများဖြင့် ခံ့ထည်သည့်အတွက် လူအများ နှစ်သက်သော်လည်း တန်ဖိုးကြီးမြင့် သောကြောင့် အရောင်းမသွက်သည်ကို တွေ့ရ သည်။ ကျိုင်းတုံမြို့မဈေးတွင် မိမိတို့ ပြုလုပ် ထားသည့် ရိုးရာထည်များကို ဖောက်သည် ပေးသွင်းသူများရှိသကဲ့သို့     ထိုင်းနှင့် တရုတ်နိုင်ငံရှိ အရောင်းဆိုင်များအရောက် ကိုယ်တိုင်ဖြစ်စေ၊    ကိုယ်စားလှယ်များဖြင့် ဖြစ်စေ ပို့ဆောင်ရောင်းချခြင်းများရှိသည်။ ထိုသို့ပို့ဆောင်ခြင်းသည် ခရီးစရိတ်နှင့် အခြား ကိစ္စများအတွက်    ကုန်ကျမှုရှိသော်လည်း အကျိုးအမြတ်မှာ ကျိုင်းတုံတွင် ရောင်းခြင်း ထက် သာသည်ဟုသိရသည်။ ဂျပ်ခုတ်အင်္ကျီ တစ်ထည်ကို ကျိုင်းတုံတွင် ကျပ် ၅ဝဝဝဝ မှ ကျပ် ၁ဝဝဝဝဝ အတွင်းရသော်လည်း ပြည်ပ တွင် ကျပ် ၁ဝဝဝဝဝ မှ ကျပ် ၁၅ဝဝဝဝ အထိ ရတတ်သည်ဟုဆိုသည်။ လနှင့်ချီ၍ လုပ်ကိုင် ရသည့်လုပ်ငန်းဖြစ်ခြင်းကြောင့် ဈေးကွက်တွင် ဂျပ်ခုတ်ထည်သည် လှိုင်လှိုင်ထွက်နေသောကုန်ပစ္စည်းမဟုတ်ပေ။

        ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ပြုလုပ်ရသည့် အချိန် ကြာမြင့်ခြင်းကြောင့် နောက်ပိုင်းတွင် ထိုင်း၊   တရုတ်တို့မှ  တင်သွင်းသောပိတ်စ များကို    အစားထိုးအသုံးပြုလာကြသည်။ ရက်ပေါင်းများစွာ ပင်ပန်းခံရက်လုပ်ရခြင်း မရှိဘဲ   အသင့်ရရှိနိုင်သည့်   ပိတ်စများကို ချုပ်စက်ဖြင့် နေချင်းပြီးချုပ်ကာ ပန်းထိုး၍ ဂျပ်ခုတ်ထည် အစားထိုးရောင်းချကြခြင်းဖြစ် သည်။ ရိုးရာထည်အစစ် ဝယ်မဝတ်နိုင်သူ များအတွက် အဆင်ပြေသည့်အနေအထား ဖြစ်လာသည်။   အထူအပါး  လိုအပ်သည့် အရည်အသွေး၊ အရောင်အရင့်အနု နှစ်သက် သလို ရွေးချယ်ခွင့်ရရှိလာကြသည်။ ယိုးဒယားစ ဈေးမြင့်နေသေးလျှင် တရုတ်စကို ရွေးချယ် နိုင်ကြပြန်သည်။ ယခင်က သိန်းနှင့်ချီ ဈေးပေး ဝယ်ရသော အထည်နှင့် ဒီဇိုင်းကို သာမန် အဝတ်အစားဈေးနှုန်းဖြင့်    စိတ်တိုင်းကျ ဝတ်ဆင်လာနိုင်ကြပြီဖြစ်သည်။  ဤသို့ဖြင့် အာခါရိုးရာရက်ကန်းထည်အစစ်များသည် ပြည်ပတင်သွင်းသည့် ကုန်ပစ္စည်းများကြောင့်  အရောင်းထိုင်းလာရကာ တဖြည်းဖြည်းနှင့် လုပ်ကိုင်ဆောင်ရွက်ကြသူ နည်းပါးလာသည် ကို တွေ့ရသည်။  ယခင်က  ဂျပ်ခုတ်ထည် ပြုလုပ်ကြသူများကိုယ်တိုင် မြန်ဆန်လွယ်ကူ ပြီး ဈေးနှုန်းသက်သာကာ ဈေးကွက်ရလာ သည့် ယိုးဒယားထည်ကို ပြောင်းလဲချုပ်လုပ် လာကြသည်။

        အဆုံးသတ်အနေဖြင့် လက်မှုမှ စက်မှုသို့ တစ်ဆင့်ထက်တစ်ဆင့်  မြင့်လာခြင်းသည် လူနှင့်ပတ်ဝန်းကျင်ကို အကျိုးများစွာ ဖြစ်ထွန်း စေသည်ဆိုသော်လည်း ရိုးရာလက်မှုပညာရပ် များ၏ ရပ်တည်နိုင်မှုကို အားနည်းစေကြောင်း တွေ့ရသည်။ အာခါရိုးရာထည်များ တွင်ကျယ် ခဲ့ဖူးသည့်     ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ယခင်အခါက ရှမ်းရိုးရာ ယွန်းထည်လုပ်ငန်း များ၊ ငွေထည်ပစ္စည်းပြုလုပ်ခြင်းများ၊  ရှမ်း ဖယောင်းတိုင်၊ စက္ကူပန်းလုပ်ငန်း၊ မှိုင်းကိုင် စက္ကူလုပ်ငန်းများနှင့် အခြားသော  ရိုးရာယဉ်ကျေးမှု အမွေအနှစ်လုပ်ငန်းများ အခြေအနေကောင်းခဲ့သည်။   သို့သော် ယနေ့ အခြေအနေတွင် ရိုးရာလုပ်ငန်းတစ်ခုတည်း နှင့်  ရပ်တည်နိုင်ရန်မဖြစ်တော့ဘဲ  အခြား အသက်မွေးမှုများဖြင့်ပါ ပူးတွဲလုပ်ကိုင်လာ ကြရသည်။ နှစ်ပေါင်းများစွာ တည်တံ့လာခဲ့ သောရိုးရာအမွေအနှစ်ပညာရပ်များ ပျောက်ကွယ်တိမ်မြုပ်သွားမည်ဆိုပါက အလွန် နှမြောဖွယ်ဖြစ်သည်။ မြန်မာ့ရေမြေမှ ဓလေ့ ထုံးတမ်းနှင့် တိုင်းရင်းသားတို့၏ ရိုးရာပညာ ရပ်များကို နိုင်စွမ်းသမျှ စောင့်ရှောက်ထိန်းသိမ်း သင့်လှကြောင်း အာခါရိုးရာရက်ကန်းလုပ်ငန်း ကို ပမာပြု၍ တင်ပြလိုက်ပါသည်။ 

 

j1

Source:Timeayeyar

Read 1684 times
Rate this item
(0 votes)