What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်္ကြန်ကာလနီးလာပြီဖြစ်၍ ရန်ကုန်မြို့ ဈေးများ၌ မြန်မာဝတ်စုံများ ရောင်းအားတက်

သင်္ကြန်ကာလနီးလာပြီဖြစ်၍ ရန်ကုန်မြို့ ဈေးများ၌ မြန်မာဝတ်စုံများ ရောင်းအားတက် google

သင်္ကြန်ကာလ နီးလာပြီဖြစ်၍ သင်္ကြန်တွင်း ဝတ်ဆင်ရန် ရန်ကုန်မြို့ရှိ ဈေးများ၌  မြန်မာဝတ်စုံ အဝတ်အစားများ ရောင်းအား မြင့်တက် လာကြောင်း မင်္ဂလာဈေးမှ သိရသည်။

မြန်မာဝတ်စုံအထည်များအနက် အမျိုးသမီးဝတ်ချည်ထည်များ ရောင်းအားကောင်းလာသည့်အပြင် အမျိုးသမီးဝတ် တခြားပိတ်စများလည်း ရောင်းအားကောင်းပြီး ဆက်စပ်ပစ္စည်းများပါ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။ အဓိကအားဖြင့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာရှိ မြန်မာဝတ်စူံ အထည်ဆိုင်များ၌ တစ်ရက်လျှင် ပျှမ်းမျှ ငွေကျပ် ခြောက်သိန်းဖိုးအထိ ရောင်းချနေရကြောင်း၊ ယခုနောက်ပိုင်း ခေတ်စားသော မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်သည့် ခေတ်မီဒီဇိုင်းများနှင့် ပေါင်းစပ်ချုပ်လုပ်ထားသော မြန်မာဝတ်စံများ ရောင်းအားပိုမို ကောင်းမွန်ကြောင်းနှင့် သင်္ကြန်ကာလ နီးလာသဖြင့် အဝတ်အထည်ဆိုင်များ၌ အထူးဈေးနှုန်းများဖြင့် ရောင်းချနေခြင်းကြောင့် ရောင်းအားမြင့်တက်လျက်ရှိကြောင်း သိရသည်။

"မြန်မာမှုအထည်တွေ ရောင်းအားကောင်းလာပါတယ်။ အမျိုးသမီး အဝတ်အထည်တွေဆိုရင် ရုပ်ရှင်သရုပ်ဆောင်အချို့ရဲ့ ဒီဇိုင်းချုပ်ထည်ကို ဝယ်ယူမှုများလာတယ်။ နွေရာသီဝတ် စပန့်ဝမ်းဆက်တွေ၊ အခုနောက်ပိုင်း ထွက်တဲ့ ချည်ထည်တွေ၊ အိချောပို ပိတ်စတွေလည်း ရောင်းအားကောင်းပါတယ်။ အိချောပို ဝမ်းဆက်အစ တစ်စုံ ငွေကျပ် ၂၀၀၀၊ ဆိုင်းမိုင်ချည်ထည် ဝမ်းဆက်အစတစ်စုံကို ငွေကျပ် ၅၅၀၀ နဲ့ ဝယ်ယူကြတဲ့အပြင် တခြား တန်ဖိုးမြင့် အထည်တွေလည်း ဝယ်ယူကြပါတယ်။ အများစုက ဈေးနှုန်းသင့်တင့်တာကို ဝယ်ယူတာများတယ်။ အရင်ရက်ပိုင်းထက် အခုလကုန်ပိုင်းလောက်မှာ ရောင်းအားတိုးလာတယ်" ဟု မင်္ဂလာဈေးအနီး မြန်မာဝတ်စုံ လက်လီလက်ကား အရောင်းဆိုင်မှ ဦးသိန်းဌေးမြင့်က ပြောသည်။

မြန်မာဝတ်စုံအထည်များအနက် ဝမ်းဆက်အစ ဝယ်ယူမှုများပြားပြီး နယ်မြို့များမှ အော်ဒါမှာယူမှုများလည်း လက်ခံရရှိနေကြောင်း သိရသည်။အဝတ်အထည်ဆိုင်တိုင်းနီးအပါး ရောင်းအားကောင်းပြီး အထူးဈေးနှုန်းဖြင့် ဈေးကွက် ယှဉ်ပြိုင် ရောင်းချနေကြောင်း၊ အထူးသဖြင့် ရုံးပိတ်ရက်များတွင် ပိုမိုရောင်းအားကောင်းမွန်ပြီး ကျန်ရက်များတွင် အသင့်အတင့် ရောင်းချရသည်။ သင်္ကြန်ကာလနီးလာသဖြင့် အထည်ချုပ်ရောင်းချသူများထံမှ မှာယူမှု ပိုမို များပြားလာပြီး ဈေးကွက်အခြေအနေအရ အများကြိုက်နှစ်သက်သည့်ဒီဇိုင်းများကို ရွေးချယ်ရောင်းချပေးနေကြောင်းနှင့် နှစ်စဉ်သင်္ကြန်ကာလနီးပါက သင်္ကြန်အကြိုဈေးရောင်းပွဲတော်ကိုလည်း ကျင်းပပေးလေ့ရှိပြီး ယခုနှစ်တွင်လည်း ပြုလုပါမည် ဖြစ်ကြောင်း မင်္ဂလာဈေးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Source: Myawady News
Myanmar Textile and Garment Directory

Read 1850 times
Rate this item
(1 Vote)