ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများ အနက် ရန်ကုန်တိုင်းဒေသကြီး၌ အထည်ချုပ်စက်ရုံ
အများဆုံး လုပ်ကိုင်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ပြည်တွင်း၌ လက်ခစားစနစ် (CMP)နှင့် CMP တစ်ဆင့်ခံ အထည်ချုပ်စက်ရုံ ၃၅၆ ရုံရှိပြီး ရန်ကုန်တိုင်းဒေသကြီး၌ အထည်ချုပ် စက်ရုံ ၃၁ဝ ဖြင့် အများဆုံးရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း CMP နှင့် CMP တစ်ဆင့်ခံ အထည်ချုပ်စက်ရုံ ၃၁ဝ ၌ အလုပ်သမားဦးရေ ၁၇၉၁၅၂ ဦးကို အလုပ်အကိုင်ပေးထားကြောင်း သိရသည်။
လက်ရှိ CMP အထည်ချုပ် လုပ်ငန်းရှိ အလုပ်သမားအများစုသည် စနစ်တကျ သင်ကြား လေ့ကျင့်ပေးနေသည့် အထည်ချုပ်နှင့် သက်ဆိုင်သော သင်တန်းများ၌ တက်ရောက်ထားမှု မရှိသည့်အပြင် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်နှင့် သင်တန်းဆင်း လက်မှတ်များမရှိဘဲ လုပ်ငန်းခွင် အတွေ့အကြုံဖြင့်သာ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
လတ်တလောတွင် ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်နှင့်အမျှ အထည်ချုပ်လုပ်ငန်း အပါအဝင် တခြား အလုပ်အကိုင်များ၌ စနစ်တကျ သင်ကြား ထားသော ကျွမ်းကျင် အလုပ်သမားများ ယခင်ထက် ပိုမိုလိုအပ်နေကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလအထိ ပြည်တွင်း၌ အထည်ချုပ်အလုပ်သမား ၂၁၇၇၈၇ ဦးကို အလုပ်အကိုင် ပေးထားနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ CMP အထည်ချုပ်တင်ပို့မှုသည် ပြီးခဲ့သည့် ငါးနှစ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၂၅ ရာခိုင်နှုန်း အထိ ရှိခဲ့ကြောင်း သိရသည်။
Myawady