What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံမှဝါဂွမ်းများဝယ်ယူရန် တရုတ်နိုင်ငံမျက်စိကျ

ကမ္ဘာပေါ်၌ ၀ါဂွမ်းအများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ် ရေးစစ်ပွဲဆင်နွှဲနေရသည့်အတွက် မြန်မာနိုင်ငံမှထုတ်သော ၀ါဂွမ်းများကို ပိုမိုဝယ်ယူသွားရန် မျက်စိကျနေ ကြောင်း ပြည်တွင်းမှ ၀ါဂွမ်းစိုက်ပျိုးသူများက ဆိုခဲ့ကြသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်အတွင်းက တရုတ်တို့သည် အမေရိကန်နိုင်ငံမှ ၀ါဂွမ်းများကို အဓိကတင်သွင်းခဲ့သော် လည်း ယခုအခါတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လယ်ယာကဏ္ဍကုန်ပစ္စည်းများအပါအ၀င် တရုတ် သွင်းကုန်များအပေါ် အမေရိကန်ဒေါ်လာ ၅၀ ဘီလျံခန့် အခွန်ကောက်ခံမည်ဟုကြေညာခဲ့သည့်အတွက် တရုတ်တို့အနေဖြင့် မြန်မာနိုင်ငံမှ ၀ါဂွမ်းများကို တင်သွင်းဖို့ ပိုမိုစိတ်အားထက်သန်လာလျက်ရှိသည်။

မြန်မာနိုင်ငံ ၀ါဂွမ်းထုတ်ကုန် ကုန်သည်များနှင့်ထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူးဖြစ်သူ ဦးအောင်မြင့်၏ အဆိုအရ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအစား အိန္ဒိယနိုင်ငံမှဝါဂွမ်းများ ၀ယ်ယူနိုင်သော်လည်း မြန်မာနိုင်ငံ၌ ၀ါဂွမ်းအပေါ် သွင်းကုန်အခွန်ကောက်ခံခြင်းမရှိသောကြောင့် မြန်မာမှ ၀ယ်ယူသွားရန် ပိုမို စိတ်ဝင်စားနေခြင်းလည်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံ၌ ၀ါဂွမ်းအထွက်နှုန်းမှာ ကန့်သတ်ချက်ရှိနေသည့်အပြင် တရုတ်ပြည်မှ ၀ယ်လိုအား များပြားလာနိုင်သည့်အတွက် ပြည်တွင်းပေါက်ဈေးနှုန်းမှာလည်း မြင့်တက်သွားနိုင်လျက်ရှိသည်။ လက်ရှိအချိန် တွင် ၀ါဂွမ်းဈေးနှုန်းမှာ တစ်ပိသာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ အထိရှိပြီး ပြည်တွင်းထုတ်လုပ်မှု နည်းပါးသွားခြင်း နှင့် တရုတ်ပြည်မှဝယ်လိုအား မြင့်တက်လာမှုတို့ကြောင့် လွန်ခဲ့သော ၄ နှစ်နှင့် နှိုင်းယှဉ်လျှင် သုံးဆနီးပါးခန့် ဈေးမြင့်သွားခြင်းဖြစ်သည်။ ဒါ့အပြင် စိုက်ပျိုးထုတ်လုပ်သူ နည်းပါးသွားသည့်အတွက် ယခုနှစ်၏ ၀ါဂွမ်းအထွက်နှုန်းမှာ မနှစ်ကထက်စာလျှင် ပိုမိုနည်းပါးသွားသလို ၀ါဂွမ်းကို မြန်မာနိုင်ငံ မန္တလေးတိုင်းအတွင်းရှိ မြစ်သားနှင့် ရမည်းသင်းမြို့နယ်တို့တွင်သာ စိုက်ပျိုးထုတ်လုပ်နေလျက်ရှိသည်။

အခြားတစ်ဖက်တွင်မူ ၀ါဂွမ်းများဈေးကောင်းရနေသည့်အတွက် စိုက်ပျိုးသူများအနေဖြင့် ယင်းလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ဖို့ ခွန်အားဖြစ်စေပြီး ယခုနှစ်အနှောင်းပိုင်းတွင် ၀ါဂွမ်းစိုက်ပျိုးသူများ ပြန်လည်မြင့်တက်လာ နိုင်သည်။ လက်ရှိအချိန်တွင် တောင်သူများအနေဖြင့် ၀ါဂွမ်းအစား ပဲတီစိမ်းကိုသာ ပိုမိုစိုက်ပျိုးနေသည့်အတွက် ယခုနှစ်အတွင်း ၀ါဂွမ်းအထွက်နည်းနေရခြင်းဖြစ်သည်။

ယင်းသို့ ၀ါဂွမ်းဝယ်လိုအားမြင့်တက်နေသော်လည်း ၀ါဂွမ်းလုပ်ငန်းရှင်များအနေဖြင့် ယင်းလုပ်ငန်းအတွင်းသို့ ချောမွေ့စွာပြန်လည်ဝင်ရောက်နိုင်ရန် ခက်ခဲနေလျက်ရှိသည်။ အကြောင်းရင်းမှာ ၀ါဂွမ်းစိုက်ပျိုးသူများအနေဖြင့် လိုအပ်သော မျိုးစေ့များကို လွယ်ကူစွာရရှိနိုင်ခြင်းမရှိသလို လုပ်သားအင်အားရှားပါးနေခြင်းကြောင့်လည်း အခက်အခဲများ ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။

ဝါဂွမ်းကို မြန်မာနိုင်ငံ၌ ဖေဖေါ်ဝါရီနှင့် ဇူလိုင်လတို့တွင် တစ်နှစ်လျှင်နှစ်ကြိမ်နှုန်းဖြင့် စိုက်ပျိုးထုတ်လုပ်လေ့ရှိပြီး စိုက်ပျိုးရာသီတစ်ကြိမ်လျှင် လေးလခန့်ကြာမြင့်သည်။ စိုက်ပျိုးရာသီနှစ်ကြိမ်မှ ထွက်ရှိလာသော ၀ါဂွမ်းများကို ပြည်တွင်းနှင့် တရုတ်ဈေးကွက်ထဲသို့ ညီမျှစွာ ဖြန့်ဖြူးလေ့ရှိသည်။

မြန်မာနိုင်ငံအစိုးရ၏ အဆိုအရ ပြီးခဲ့သော ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၉.၅ သန်းခန့် တန်ဖိုးရှိသော ၀ါဂွမ်းတန်ချိန် ၄၃၀၀ ခန့် တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။ ၀ါဂွမ်းသည် မြန်မာ အစိုးရ၏ နိုင်ငံတော်ကုန်သွယ်မှုမြှင့်တင်ရေးမဟာဗျူဟာ (National Export Strategy) ထဲတွင်ပါဝင်သလို ချည်မျှင်နှင့်အထည်သားလုပ်ငန်းအတွင်း၌ အရေးပါသော ကုန်ပစ္စည်းဖြစ်သည့်အတွက် ပို့ကုန်ကဏ္ဍအတွင်း၌ ဦးစားပေး ကုန်ပစ္စည်းအဖြစ် ပါဝင်လျက်ရှိသည်။

 

Source:myanmar time

Read 1435 times
Rate this item
(0 votes)