What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကျောင်းဝတ်စုံ အဖြူအစိမ်း နယ်ဈေးကွက်သာ အားပြုနေရ

အခုနောက်ပိုင်း ကျောင်းအဖြူအစိမ်း ဈေးကွက်က မြို့ကြီး တွေကို အားကိုးအားထားလို့ မရတော့တာကြောင့် နယ်ဘက်မှာ ရှိ နေတဲ့ ဈေးကွက်တွေကိုသာ အားကိုးနေရပြီး နယ်တွေကို အရင်ကထက် ပို ပို့နေရပါတယ်။

ကျောင်းဖွင့်ခါနီးတဲ့အချိန် ဖြစ်တာကြောင့် ကျောင်းဝတ်စုံ အဖြူအစိမ်းတွေကို ဆိုင်တွေမှာ တင်ပြီး ရောင်းချလာတာကို တွေ့ရပါတယ်။ အခု နောက်ပိုင်းမှာ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ ပေါ်လာတာကြောင့် ကျောင်းအဖြူအစိမ်း တွေဝတ်ရတာလည်း နည်းလာပြီ ဖြစ်ပါတယ်။ အရင်နှစ်ကလည်း ကျောင်းဝတ်စုံတွေက ဟိုတုန်းကထက် ရောင်းအားတွေ ကျခဲ့တာ ဖြစ်ပါတယ်။ သည်နှစ်မှာတော့ ကျောင်း ဝတ်စုံတွေကို သင်္ကြန်ပြီးတဲ့အချိန်တွေမှာ စတင်ပြီး ရောင်းချလာတာ ဖြစ်ပြီး နယ်ဘက်က ဖောက်သည်တွေက လာရောက် ဝယ်ယူတာများတာ ဖြစ်တယ်လို့ သိရပါတယ်။


ကျောင်းဝတ်စုံတွေ ရောင်းချနေသူ ဒေါ်သီတာက “ဒီနှစ် ကျောင်းဖွင့်တော့မယ်ဆိုတာတောင် လာဝယ်တာ နည်းသေးတယ်၊ ဟိုးအရင်တုန်းက ဆိုရင် လေးလပိုင်း ကုန်လောက် ဒါမှမဟုတ် ငါးလပိုင်း စစဦးချင်း ကတည်းက ကျောင်းဝတ်စုံတွေကို ဝယ်ကြတာ၊ အခုကျတော့ မနှစ်ကနဲ့ ဒီနှစ်မှာပေါ့ ဝယ်တာ နည်းတယ်ပဲ ပြောရမလား၊ အခုအထိ တစ်ထည်စ နှစ်ထည်စပဲ ရောင်းရသေးတယ်၊ ရန် ကုန်ကလူတွေ ဝယ်တာ နည်းတယ်၊ နယ်ဘက်က လူတွေပဲ အဝယ်များကြတယ်၊ နယ် ဘက်က ဖောက်သည်တွေကျတော့ လေးလပိုင်း စစချင်း လောက်ကတည်းကစပြီး လာယူကြတယ်” လို့ ပြောပါတယ်။

အစိုးရကျောင်းတက်တဲ့သူတွေသာ ကျောင်းအဖြူအစိမ်းတွေကို ဝတ်ဆင်ရတာပါ။ ပုဂ္ဂလိကကျောင်းတွေမှာတော့ ကိုယ်ပိုင် ယူနီဖောင်းတွေ ဝတ်ရတာကြောင့် ကျောင်း အဖြူအစိမ်း ဝယ်ယူမှုတွေက သိသိသာသာ လျော့နည်းသွားပါတယ်။ အခု နောက်ပိုင်းမှာ အစိုးရကျောင်းတွေထက် ကိုယ်ပိုင် အထက်တန်းကျောင်းတွေမှာ ကျောင်းထားတာတွေ များတာကြောင့် သည်လိုတွေ ဖြစ်နေတာလို့ သိရပါတယ်။ နယ်ဘက်တွေမှာတော့ အစိုးရကျောင်းတက်တဲ့သူတွေ များတာကြောင့် နယ်ဈေး ကွက်မှာတော့ ကျောင်းစိမ်းတွေကတော့ ပုံမှန်အတိုင်း ရောင်းကောင်းနေပါတယ်။ ဒီဇိုင်းဆန်းဆန်းတွေ ထွက်တဲ့ နှစ်ဆိုရင်တော့ ရောင်းအားကတော့ ပိုပြီး ကောင်းတယ် လို့ သိရပါတယ်။


မလုံလောက်
*********
သည်လို ကျောင်းဝတ်စုံတွေကို ရောင်းချတဲ့သူတွေက အထည်ချုပ်တဲ့ ဒိုင်တွေကနေ တစ်ဆင့် ပြန်ယူရောင်းချတဲ့သူတွေ ရှိသလို ကိုယ်တိုင်ချုပ်ပြီး ပြန်လည် ရောင်းချတာတွေလည်း ရှိပါတယ်။
ကိုယ်ပိုင်ချုပ်ရောင်းတဲ့သူတွေအတွက်ကတော့ တစ်နိုင်တစ်ပိုင် ချုပ်ပြီး ရောင်းတာဖြစ်တာကြောင့် ပြဿနာ မရှိပေမဲ့ အထည်ဒိုင်တွေကနေတစ်ဆင့် ပြန်လည် ယူရောင်းနေတဲ့သူတွေအတွက် ကတော့ အ ထည်တွေ မလုံလောက်တဲ့ အခက်အခဲ တွေ ဖြစ်နေတယ်လို့ သိရပါတယ်။ အထည်အရေအတွက် မလုံလောက် တဲ့ အကြောင်းရင်းတွေကတော့ အထည်ဒိုင်တွေက အထည်တွေကို ဆိုင်တွေထံ ခွဲဝေပြီး ပို့ပေးတာကြောင့် ဒီဇိုင်းမစုံတာတွေ၊ ဆိုက်အရွယ်အစားတွေ မလောက်တာတွေ ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ လူကြီးဆိုက်တွေမှ မဟုတ်ဘဲ တစ်ခါတလေ ကလေး ဆိုက်တွေမှာတောင် ဆိုက်မစုံတဲ့ ပြဿနာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

စံပြဈေးက အထည်ဆိုင်ပိုင်ရှင်တစ်ဦးက “တချို့တွေဆိုရင် အစ်မတို့ဆီကနေ တစ်ဆင့် ပြန်ရောင်းချင်လို့ လာဝယ်တယ်၊ ဆိုက် မစုံတာတွေ၊ ဒီဇိုင်းတွေ မကြိုက်တာတွေ အဲဒီလိုတွေ ဖြစ်နေတယ်၊ အဲဒီ အင်္ကျီတွေကလည်း လေးတန်းလောက်အထိ ဝတ်လို့ ရတဲ့ပုံစံမျိုး လေးတွေလေ၊ ဒီထက် အတန်း ကြီးတဲ့သူတွေက ချုပ်ဝတ် တာ များတယ်၊ ဒါပေမဲ့ အခုဟာက ကိုယ်ပိုင် အထက်တန်းကျောင်း ခေတ်ဆိုတော့ အဖြူအစိမ်း ဝတ်တာ နည်းသွားတယ်၊ အထည်ကို တစ်ဆင့် ပြန်ရောင်းတဲ့သူတွေ အများဆုံးက ရပ်ကွက်လေးတွေ၊ နယ်ဘက်က လူတွေကတစ်ဆင့် ပြန် ရောင်းကြ တာများတယ်”လို့ ပြောပါတယ်။

ပြင်ဆင်တဲ့အခါမှာ
**********
သည်လိုကျောင်းစိမ်းအင်္ကျီတွေကို ရောင်းချနိုင်ဖို့ အထည်ချုပ်ဒိုင်ကြီးတွေ ဘက်ကလည်း ကြိုတင်ပြင်ဆင်ကြပါတယ်။

“အထည်ချုပ် ဒိုင်ကြီးတွေမှာကျတော့ ထဘီပန်းထိုးတာတွေကို စကတ်တွေချုပ်မယ်ဆိုရင် ပန်းထိုးကို အရင်အပ်ရတယ်၊ ပန်းထိုးရပြီဆိုရင် ဒီဇိုင်နာကို ဒီဇိုင်းဆွဲခိုင်းတာတွေကို လုပ်ရတယ်၊ အဲဒီမှာတင် အချိန်က တော်တော်ကုန်နေပြီလေ၊ အနည်းဆုံး ဒီဇိုင်းအစုံရဖို့ ဆိုရင်တော့ အချိန်ငါးလလောက်ပေးရတယ်၊ လူခေါ်ရတာတွေ၊ အိမ်ကို ယူချုပ်မယ့်သူတွေ ရှာရတာတွေလဲ ရှိတယ်ဆိုတော့ အဲဒီလောက် အချိန်ယူမှ အဆင်ပြေနိုင်မယ်၊ တစ်နိုင်တစ်ပိုင်ချုပ်တဲ့သူတွေလဲ အချိန်ကတော့ တစ်လလောက်တော့ ယူရတာပဲ” လို့ အထည်ချုပ်ပိုင်ရှင် ဒေါ်မြိုင်မြိုင်က ပြောပါတယ်။

အထည်တွေချုပ်ပြီးတဲ့အခါမှာ ဈေးကွက်တွေ ရှာရပါတယ်။ ဈေးကွက်ရှာလို့ ရပြီဆိုရင်လည်း အထည်ထပ်ရအောင် ပြန်ချုပ်ရတာတွေ ရှိတာကြောင့် အလုပ်သမားတွေ ရှာဖွေရတယ်လို့ သိရပါတယ်။ သည်လိုမျိုး အလုပ်သမားတွေ ရှာဖွေတာတွေ၊ အထည်ဒီဇိုင်းဆွဲရတာတွေမှာ  အချိန်တွေက ကြာတတ်တာဖြစ်ပြီး ချုပ်တဲ့ ဒီဇိုင်းတွေကလည်း တခြားသူတွေနဲ့ မတူတဲ့ ပုံစံတွေကို ချုပ်ရတာ ဖြစ်တာကြောင့် ငါးလကျော်လောက် အချိန်ယူပြီး ပြင်ဆင်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

နယ်ဈေးကွက်မှာ
********

ကျောင်းစိမ်းဝတ်စုံတွေ ဈေးကွက်က အခုအချိန်မှာတော့ နယ်ဈေးကွက်ဘက်ကိုသာ ဦးတည်ပြီး ရောင်းချနေတာကို တွေ့ရပါတယ်။ မြို့ကြီးတွေမှာ ကျောင်းထားတဲ့အခါမှာ ကိုယ်ပိုင်ကျောင်းတွေမှာ ထားကြတာ များလာပြီး အစိုးရကျောင်းထားတဲ့သူတွေက နယ်ဘက်ကလူတွေသာ များနေတာဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ပိုင်ကျောင်းတွေမှာ ထားတဲ့အခါမှာတော့ ကျောင်းဝတ်စုံတွေက အဖြူအစိမ်းတွေကိုဝတ်ဆင်ကြတာ နည်းပြီး တခြားဝတ်စုံတွေကိုသာ ဝတ်ဆင်ကြရတာ  ဖြစ်ပါတယ်။

နယ်ဘက်က အထည်ရောင်းချနေတဲ့သူတွေက အထည်တွေကို အထည်ချုပ်ဒိုင်ကြီးတွေဆီကနေ ဝယ်ယူတာနည်းပါးပြီး မင်္ဂလာဈေး၊ သိမ်ကြီးဈေးတွေမှာရှိနေတဲ့ ဖောက်သည်ဆိုင်တွေကနေသာ ဝယ်ယူတာ များနေတာလို့ သိရပါတယ်။

“နယ်က လူတွေ၊ ပြီးတော့ ရပ်ကွက်သေးလေးတွေကလူတွေက လာဝယ်ကြ တာ များတယ်၊ အဲဒီ ဘက်တွေမှာကျတော့ ကိုယ်ပိုင်ကျောင်းတွေက ရှိတော့ ရှိတယ် နည်းတယ်လေ၊ အဲဒီလိုဆိုတော့ အစိုးရကျောင်းမှာပဲ ထားကြတာ များတယ်၊  အဲဒီတော့ ဝယ်တဲ့သူတွေက နယ်ဘက်ကဆိုင်တွေကတော့ ပိုများနေတယ်၊ ဒီရန်ကုန်က လူတွေလဲ ဝယ်တာတွေတာ့ ရှိတယ်၊ ဒါပေမဲ့ နည်းတယ်ပဲ ပြောရမယ်” လို့ မင်္ဂလာဈေးမှာ အထည်တွေကို ဖောက်သည်ရောင်းချနေသူ ဒေါ်ခင်ဌေးက ပြောပါတယ်။

ပြောင်းလဲလာတယ်
*************
အရင်ချိန်တွေတုန်းကဆိုရင် ကျောင်းတက်ဖို့ နှစ်လလောက်အလို မှာကတည်းက ဝယ်ယူမှုနှုန်းတွေ မြင့်တက်နေတာဖြစ်ပြီး အခုအချိန်မှာ တော့ ကျောင်းဖွင့်ခါနီးတောင် ဝယ်ယူတာ နည်းနေတယ်လို့ သိရပါ တယ်။

“ဈေးကွက်က သိသိသာသာ ပြောင်းလဲသွားတယ်၊ အခုဟာက နယ်ဘက်ကို ဦးတည်နေရတယ်၊ အရင်တုန်းကတော့ ရန်ကုန်မှာရော နယ်ဘက်မှာပါ ဝယ်တာဆိုတော့ အဆင်ပြေတယ်၊ ပြီးတော့ ဈေးနှုန်းတွေပေါ့၊ ဈေးတွေ အများကြီး တင်လို့ မရတော့တဲ့အပြင် ကိုယ်အရင်းမပြုတ်ရုံဘဲ ရောင်းနေရတယ်လေ၊ အဲဒီတော့ ဈေးကွက်မှာရော ၊ ဈေးနှုန်းတွေရော  အဆင်မပြေ နိုင်တော့ဘူးလေ၊ ကျောင်းစိမ်းဈေးကွက်ကတော့ တော်တော်ကို ပြောင်းလဲသွားတာတော့ အမှန်ပဲ” လို့ ဗိုလ်ချုပ်ဈေးက အထည်ဆိုင်ပိုင်ရှင် ဒေါ်စန်းမြင့်က ပြောပါတယ်။

ကျောင်းစိမ်းဝတ်စုံတွေကို ရောင်းချတဲ့အခါမှာ နယ်ဈေးကွက် တစ်ခုတည်းကိုသာ ဦးတည်ပြီး ရောင်းချရတာကြောင့် ရောင်းအားတွေ ထိုးကျသွားပါတယ်။

Author:  လိမ္မာ
The KUMUDRA Journal

Read 2212 times
Rate this item
(0 votes)