လုပ်ငန်းခွင်တစ်ခုကို စတင်ဝင်ရောက်ဖို့ ကြိုးစားရတယ်ဆိုတာ တကယ်ကိုရင်ခုန်စရာကောင်းပါတယ်။ အဲဒီ့လိုပဲ ပထမဆုံး First Time Interview ဆိုတာကလည်း ကစားပွဲတစ်ခုကို ကစားရသလိုပဲ။ အနှိုင်အရှုံးဆိုတာ ကျွမ်းကျင်လိမ္မာမှုနဲ့ ကံတရားအပေါ်မှာ မူတည်ပါတယ်။
ဒါပေမယ့် ဘယ်လိုပဲ ကံတရားအပေါ်မူတည်တယ်လို့ပဲပြောပြော ဒီလိုကစားပွဲတစ်ခုမှာ ကိုယ်ဘယ်တော့မှ မရှုံးနိမ့်ဖို့ အရေးကြီးတယ် မဟုတ်ဘူးလား။ ကျွမ်းကျင်လိမ္မာမှုဆိုတဲ့အထဲမှာ ၀တ်စားဆင်ယင်မှု ပါးနပ်လိမ္မာဖို့လည်း အရေးတကြီးလိုအပ်နေပါတယ်။ မတော်တရော်တွေ ၀တ်သွားမိမယ်ဆိုရင်တော့ ကံတရားကို အနိုင်ပေးရနိုင်ဖွယ်ရှိနေတဲ့အတွက် အလုပ်အင်တာဗျူးတစ်ခုအတွက် လိုအပ်တဲ့ကျွမ်းကျင်လိမ္မာမှုတွေထဲမှာ တစ်ခုအပါအ၀င်ရှိနေတဲ့ ၀တ်စားဆင်ယင်မှုအပိုင်းလေးကို သတိပေးပါရစေနော်။
တစ်ခါတစ်လေမှ စီးဖြစ်တဲ့ ဒေါက်ဖိနပ်
အမြဲတမ်းစီးဖြစ်တဲ့ အိစက်ညက်ညောတဲ့ ရှူးဖိနပ်ကို ရိုးနေပြီလို့ အတွေးမှားပြီး တစ်ခါတစ်လေ ပွဲလမ်းသဘင်ရှိမှ ထုတ်စီးဖြစ်တဲ့ ဒေါက်ဖိနပ်ကိုများ အလုပ်အင်တာဗျူးဝင်ဖို့ စီးသွားမယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။ သင့်ရဲ့ဖိနပ်က သပ်ရပ်သန့်ရှင်းပြီး လှပဖို့လိုအပ်ပါတယ်။ ဒါပေမယ့် သစ်နေစရာတော့မလိုအပ်ပါဘူး။ သစ်နေတဲ့ဖိနပ်တစ်ရံက သင့်ကို တစ်လမ်းလုံး စိတ်ပျက်အောင် ဘယ်လိုတွေ ဒုက္ခပေးမလဲဆိုတာ ဖိနပ်ပေါက်ဖူးတဲ့သူတိုင်း နားလည်လောက်မှာပါနော်။
Oversize လက်ကိုင်အိတ်ကြီး
အလုပ်အင်တာဗျူးသွားဝင်တာ နေ့လည်စာတွေ၊ အ၀တ်အစားအပိုတွေပါ ခရီးသွားသလိုထည့်ယူသွားစရာမလိုဘူးလို့တော့ ကျွန်မမြင်မိပါတယ်နော်။ လိုအပ်တဲ့ စာရွတ်စာတမ်းအပြည့်အစုံရယ်၊ လက်ကိုင်ဖုန်းရယ်၊ ပိုက်ဆံအိတ်ရယ်၊ နောက်ပြီး မိတ်ကပ်ပစ္စည်းအနည်းငယ်နဲ့ တိုလီမုတ်စအနည်းငယ်ရယ်ပဲ ထည့်သွားဖို့အတွက်ပဲဆိုရင် အိတ်အကြီးကြီးကို အလေးခံပြီး ဘာလို့သယ်သွားနေတော့မှာလဲကွယ်။ နောက်ပြီး အိတ်အကြီးကြီးကို ဘယ်နေရာထားရမလဲ၊ အင်တာဗျူးဝင်ရင် အပြင်မှာထားခဲ့ရမှာလား၊ ပေါင်ပေါ်တင်ထားရမှာလားစတဲ့ အာရုံနောက်မှု သောင်းခြောက်ထောင်ပေးမယ့် Oversize လက်ကိုင်အိတ်ကြီးကို အလုပ်ဝင်မှပဲပြန်ကိုင်ပါ။ အင်တာဗျူးဝင်ရင်တော့ ရိုးရှင်းပြီးလှပတဲ့ အိတ်အလတ်စားလေးကသာ မင်းရဲ့ဖက်ရှင်ဖြစ်ပါစေ။
ဂျင်း
ပထမဆုံးအလုပ်အင်တာဗျူးကို ဂျင်းမထည့်မိပါစေနဲ့။ ဂျင်းအစား စတိုင်ဘောင်းဘီခပ်မိုက်မိုက်လေးတစ်ထည်ကို ရွေးချယ်ဖို့ အကြံပြုပါရစေ။ ဂျင်းက နေ့စဉ်ဘ၀တွေအတွက် လူငယ်တွေကို လွတ်လပ်ပေါ့ပါးမှုပေးတယ်ဆိုပေမယ့် အင်တာဗျူးမှာတော့ သင့်ကို သက်တောင့်သက်သာနဲ့ ဖက်ရှင်ကျစေမှာက စတိုင်ဘောင်းဘီလေးပါပဲ။ နောက်ပြီး ဂျင်းကုတ်တွေနေရာမှာတော့ လှပပြီးသပ်ရပ်တဲ့ Formal Coat ကို ပြောင်းလဲရွေးချယ်ကြည့်ပါဦးနော်။
နောက်ဆုံးပေါ်ဖက်ရှင်
နောက်ဆုံးပေါ်ဖက်ရှင်တွေက အရမ်းမိုက်ပါတယ်။ ဒါပေမယ့် သင် ပါတီပွဲသွားတာလောက်နဲ့ သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွားတာမျိုးလောက်အတွက်ပဲ သင့်တော်တာပါ။ အလုပ်အင်တာဗျူးမှာတော့ လက်တလော ခေတ်ထနေတဲ့ ဖက်ရှင်တွေချည်းပဲ ရွေးဝတ်သွားတာမျိုးဟာ သင့်ကို အများအမြင်မှာ မျက်စိရှုပ်စေမှာ အမှန်ပါပဲကွယ်။ သင် ထင်ပေါ်နေပါလိမ့်မယ်။ ဒါပေမယ့် တစ်ရုံးလုံး အာရုံစိုက်ပြီး စောင့်ကြည့်ခြင်းခံရတာ သိပ်တော့ နေသာထိုင်သာရှိမှာမဟုတ်ပါဘူး။
တကယ်တော့ အလုပ်အင်တာဗျူးဝင်ဖို့အတွက် ဖက်ရှင်ကိုစဉ်းစားတဲ့နေရာမှာ သိပ်အပင်ပန်းမခံပါနဲ့။ ပေါ့ပါးရမယ်။ စတိုင်ကျရမယ်။ လူအထင်ကြီးခံရအောင် ၀တ်ရမယ်လို့ပဲ အလွယ်မှတ်လိုက်လို့လည်း ရပါတယ်။ သိပ်ပြီး ဖက်ရှင်ကျပြီး သိပ်ကျပ်ထုတ်လွန်းတာမျိုးတွေဟာ သင့်ကို စိတ်အိုက်စေပြီး အလွဲလွဲအချော်ချော်ဖြစ်စေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
source:moda