ဖက်ရှင်ဟာ ကဗျာ စာမျက်နှာတွေ ဖြစ်နေတယ်။
ဘာလို့လဲဆိုတော့ ဖက်ရှင်မှာ ကဗျာကို ပေါင်းစပ်ထားလို့ ဖြစ်ပါတယ်။
Valentino On Love ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Valentino က ကဗျာဆန်တဲ့ ဖက်ရှင်စုစည်းမှုကို တင်ပြလိုက်တာ ဖြစ်ပါတယ်။ ခံစားချက် အပြည့်ပါတဲ့ ကဗျာစာသားတွေ၊ ရေရေလည်လည် ရိုတဲ့ ကဗျာစာသားတွေကို ဖော်ပြထားတဲ့ ဖက်ရှင်တွေ၊ သရုပ်ဖော်ပြပေးထားတဲ့ ဖက်ရှင်တွေကို ဖန်တီးထားတာ ဖြစ်ပါတယ်။
Valentino ဟာ ၁၉၆၀ ခုနှစ်မှာ Valentino Garavani က ထူထောင်ခဲ့တဲ့ အီတလီ အ၀တ်အစားကုမ္ပဏီ ဖြစ်ပြီး ယခုအခါ Valentino Fashion Group ထီးရိပ်အောက်မှာ ရပ်တည်နေတယ်။ ကာတာအစိုးရက Valentino မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ပြီး ပိုင်ဆိုင်မှု ရယူထားပါတယ်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စလို့ Pier Paolo Piccioli က ဖန်တီးမှုဆိုင်ရာ ဒါရိုက်တာ creative director အဖြစ် လုပ်ကိုင်လျက် ရှိပါတယ်။ အခုတင်ပြတဲ့ ကဗျာဖက်ရှင်တွေဟာ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
“ခင်ဗျား ချစ်တဲ့သူတွေ ခင်ဗျားအထဲမှာ တစ္ဆေတွေဖြစ်လာကြပြီး အဲဒီနည်းနဲ့ သူတို့ကို သက်ဝင်အောင် ခင်ဗျား ထိန်းပေးထားတယ်” ဆိုတဲ့စကားနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
“The people you love become ghosts inside of you, and like this you keep them alive.”
ဆိုတဲ့ စကားရပ်က စတော့တလန် ကဗျာဆရာ Robert Montgomery ရဲ့ ထင်ရှားတဲ့ စကားရပ် ဖြစ်ပါတယ်။
ဖက်ရှင်ဆိုတာ ဘာလဲ။ ကဗျာဆိုတာ ဘာလဲ။ ချစ်ခြင်းဆိုတာ ဘာလဲ။ အဲဒီမေးခွန်းတွေကို ပါရီမြို့မှာ ကျင်းပခဲ့တဲ့ Valentino ရဲ့ ဖက်ရှင်ရှိုးပွဲမှာ အဖြေပေးခဲ့တယ်လို့ ဆိုကြပါတယ်။ ပွဲပြီးခါနီးမှာ လာရောက်ကြည့်ရှုတဲ့ ပရိသတ်က တလေးတစား ဖြစ်မိကြလို့ မတ်တတ်ထရပ်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
ဖက်ရှင်လောကအနေဖြင့် စီးပွားရေးကို အဓိကထားရလွန်းလို့ အနုရသတွေကို မေ့နေတတ်တယ်။ ဒါပေမဲ့ ပီအဲပိုလို ပီစီအိုလီက ကဗျာတွေကို သတိရတယ်။ ဖက်ရှင်က ဇာတ်ကြောင်းခင်းပြတဲ့ ပါဝါရှိတယ်။ စိတ်လှုပ်ခတ်ခံစားမှုတွေ ပေးတယ် ဆိုတာကိုသူ ဘယ်တော့မှ မမေ့ဘူး။
ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက ကျင်းပခဲ့တဲ့ ဖက်ရှင်ပွဲမှာ ပီအဲပိုလို ပီစီအိုလီက “ကျွန်တော့အဖို့ ဖက်ရှင်ဆိုတာ အ၀တ်အစားဆိုတာထက် ပိုပါတယ်” လို့ မြွက်ဆိုခဲ့တယ်။ ပွဲအပြီးမှာ ကနေဒါနိုင်ငံသူ အဆိုတော် Céline Dion က မတ်တတ်ထရပ်ပြီး ဂုဏ်ပြုခဲ့တယ်။ “ရှင်က အမျိုးသမီးတွေကို သူတို့ရဲ့ အလှတရား ပြန်ပေးတယ်” လို့ ပြောပြီး စိတ်လှုပ်ခတ်ခံစားမှုတွေ ပြင်းထန်တာမို့ မျက်ရည်ဖြိုင်ဖြိုင်ကျတယ်။
တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ အဲဒီ ဖက်ရှင်ရှိုးပွဲကို လာရောက်ကြသူတွေ ထိုင်ခုံမှာ နေရာယူတော့ ကဗျာစာအုပ် အသင့်ချပေးထားတာကို တွေ့ကြတယ်။ ခေတ်ကဗျာဆရာ လေးဦးဖြစ်တဲ့ Greta Bellamacina, Mustafa the Poet, Yrsa Daley-Ward, နဲ့ Montgomery တို့ရဲ့ တရှိုက်မက်မက် ကဗျာစာသားတွေ ဖော်ပြပေးထားတဲ့ ကဗျာတွေကို စုစည်းဖော်ပြပေးထားတာကို စာအုပ်ထဲမှာ ဖတ်ရှုကြရတယ်။ ကဗျာ အငွေ့အသက်တွေ ရှူရှိုက်နေတဲ့ ပရိသတ်ရှေ့မှောက်ကို ကဗျာဖက်ရှင်တွေ တစ်ခုပြီး တစ်ခု ချပြလိုက်လို့ ရင်သတ်ရှုမော ဖြစ်ကုန်ကြတယ်။ ပရိသတ်စိတ်ထဲ ချစ်ကြည်နူးတဲ့ အီမိုရှင်းတွေ ပြည့်လျှံကုန်တယ်။
ကဗျာကို သရုပ်ဖော်ထားတဲ့ ဆေးဆိုးပန်းရိုက် ဒီဇိုင်းတွေ၊ ကဗျာစာသားကို ဖော်ပြထားတဲ့ ဖက်ရှင်တွေကို ပရိသတ် ရှုစားကြရတယ်။ ဖိုနဲ့မ ပွေ့ဖက်နေကြတာကို ရှေးရုပ်တုဆန်ဆန်ဖြင့် ဖော်ပြထားပြီး အနီရဲရဲ နှင်းဆီပွင့်တွေ တွဲဖက်ပေးထားတယ်။ ဒီဇိုင်နာ Jun Takahashi နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဂျန်က ဂျပန်ဖက်ရှင်ဒီဇိုင်နာ ဖြစ်ပြီး သူ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ Brand က Undercover ဖြစ်ပါတယ်။ သူက အနောက်တိုင်းမှ ဖက်ရှင်ဒီဇိုင်နာတစ်ချို့အတွက် ဖန်တီးမှု စိတ်ကူးတွေ အကြံပေးနေသူလည်း ဖြစ်ပါတယ်။
ချစ်ခြင်းဟာ အလှတရားတွေ ပြသနေတဲ့ နှင်းဆီလိုပဲ။ ချစ်ခြင်းမှာ ဒွန်တွဲပြီး လွန်ဆွဲနေတဲ့ အရာနှစ်ခုဖြစ်တဲ့ ပျော်ရွှင်ခြင်းသုခနဲ့ ပူလောင်ခြင်းဒုက္ခ တို့ရှိနေတယ်။ အဲဒီ ဆန့်ကျင်ဘက်နှစ်ခုကို ဖက်ရှင်ဒီဇိုင်နာ အကျော်အမော်နှစ်ဦး ပူးပေါင်းကြံစည်ပြီး ဖော်ကျူးပေးထားတာ ဖြစ်ပါတယ်။